လုံးခင်းကျေးရွာဘက်ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေ

48

မေ၊၂၈

မြစ်ကြီးနား- ဖားကန့်လမ်းအတိုင်း တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လုံးခင်းကျေးရွာဘက်ကို ဆက်လက်ချီတက်နေပြီး ဒီကနေ့မနက် ၈ နာရီလောက်ကစပြီးတော့ ခွန်ဆာကုန်းကျေးရွာဘက်မှာ KIA/KPDF ပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက် ၇ နာရီအချိန်လောက်က လယ်ပြင်ကျေးရွာ ယမ်းချက်စက်ရုံနေက ထွက်လာတဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ KIA/KPDF ပူးပေါင်းတပ်တို့ ခွန်ဆာကုန်း(ခ) ငြိမ်းချမ်းသာယာ ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားနေတာလို့ KIAနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

သေနတ်သံတွေ မြည်နေပြီ။ ခွန်ဆာကုန်းဘက် ခုနက ထွက်လာတဲ့သူ(စစ်ကောင်စီတပ်)တွေနဲ့ ပစ်ခတ်နေပြီ။ ရွာမီးရှို့ခံရမှာပဲ စိုးရိမ်နေတယ်။ လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ယမ်းချက်စက်ရုံက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက လယ်ပြင်ကျေးရွာလမ်းမကြီးတစ်လျှောက် နေရာယူထားတာဖြစ်ပြီး KIA/KPDF ပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ယမ်းချက်ကဟာတွေ(စကစ တပ်သား) လယ်ပြင် ကုက္ကိုလ်တန်းဘက် ထွက်နေရာယူထားတာ။ လယ်ပြင်ရွာလမ်းမကြီးတစ်လျှောက်ပဲ။ အင်အားများတယ်ပြောတယ်။ အခု အဲဒါပစ်ကြပြီ။လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ဒီကနေ့ မနက် ၁၂ ခွဲခန့်မှာလည်း စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး လယ်ပြင်တံတားပျက်စီးခဲ့တယ်လို့ နောက်ထပ် ဖားကန့်ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့က KIAနဲ့ KPDF တွေ ကနေ လယ်ပြင်ကျေးရွာမှာ တိမ်းရှောင်ဖို့သတိပေးပြောဆိုခဲ့ပြီးနောက် လုံးခင်းကျောက်ဝိုင်းက ဒေသခံတွေလည်း ထိတ်လန့်ပြီး ထွက်ပြေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က တံတားညီနောင်ကျေးရွာအထိ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လုံးခင်းကျေးရွာအုပ်စုက စစ်ကောင်စီရဲ့ ယမ်းချက်စက်ရုံအထိ ဆက်လက်ရောက်ရှိလာတာဖြစ်ပြီး အခုလုံးခင်းကျေးရွာအထိ ဆက်လက်ဝင်ရောက်လာကြတာပါ။

စစ်ကောင်စီဟာ ဖားကန့်ဒေသကို ပြန်လည်စိုးမိုးနိုင်ဖို့ မေလ ၄ ရက်နေ့ကစပြီး မြစ်ကြီးနား-ဖားကန့်လမ်းကို အင်အားရာကြီးပိုင်းနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး KIA/KPDF ပူပါင်းတပ်တွေကနေ ကြားဖြတ်ခုခံတိုက်နေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ကျဆုံးမှုတွေများပေမဲ့ စစ်ကြောင်းကိုဆက်လက်ချီတက်ခဲ့တာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေတွေကြောင့် မြစ်ကြီးနား- ဖားကန့်လမ်းတစ်လျှောက် မအူပင်၊ ကျောက်ထု၊ နန့်ယား၊ ကပ်မှော် ၊ခွန်စိုင်ဇွပ်၊ တံတားညီနောင်၊ ဆိုင်းဖရာ၊ကျောက်ဖျာ၊နန့်တိန်း၊ပျားအုံ စတဲ့ ကျေးရွာ ဒေသခံတွေတိမ်းရှောင်နေကြရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here