စက်တင်ဘာ၊၂၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊ဆိုင်းတောင်ကျေးရွာမှာ ဒီကနေ့ ညနေ ၅ နာရီခွဲလောက်က စစ်ကောင်စီရဲတွေ စီးလာတဲ့ကားကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) က ပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးသူရှိတယ်လို့ သိရပါတယ်။
ဆိုင်းတောင်ရပ်ကွက် (၂) မှာ စစ်ကောင်စီရဲငါးဦး ဆေးခန်းလာပြတဲ့အချိန် KIAနဲ့ PDFပူးပေါင်းတပ်တို့ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးခဲ့တာလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ဆိုင်းတောင် ရဲစခန်းက ရဲတွေ အဲဒီကားနဲ့ ဆေးခန်းလာပြတာတဲ့။ အဲဒီဘေးမှာ KPDF နဲ့ KIA တွေပေါင်းပြီး ပစ်ထားတာတဲ့။”လို့ အထက်ပါ ဒေသခံက ဆိုပါတယ်။
ကားထဲမှာပါလာတဲ့ စစ်ကောင်စီရဲငါးဦးထဲက သုံးဦးမှာ ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပြီးရရှိခဲ့ပြီး နှစ်ဦးသေဆုံးတယ်လို့ ဆိုပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သေဆုံးတာနဲ့ ပစ်ခတ်သူတွေကို သီးခြားအတည်မပြုနိုင်ပါဘူး။
ဆိုင်းတောင်ရပ်ကွက်(၂)က မုန့်တိုက်ဆိုင်ရှေ့မှာ IPSUM အမျိုးအစား ကားအဖြူတစ်စီးကို အမည်မသိလက်နက်ကိုင်အဖွဲ့ကနေ ပစ်ခတ်ခဲ့တာလို့ နောက်ထပ် ဖားကန့်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
ဒါ့အပြင် မနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း မော်ဝမ်းရပ်ကွက်က ပန်းတင်တံတားစောင့်တဲ့ စစ်ကောင်စီရဲကင်းကို KIA နဲ့ KPDFပူပေါင်းးတပ်တို့ကနေ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေ ရှိခဲ့ပါတယ်။







