လမြန်စစ်မျက်နှာပြင်ဘက်မှာ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေ‌ကြောင်း KIA ပြော

1

 

အောက်တိုဘာ၊၈

ကချင်ပြည်နယ်၊ ဝိုင်းမော်(လမြန်)စစ်မျက်နှာပြင်ဘက် နေ့တိုင်းလိုလို တိုက်ပွဲဖြစ်ပွားတာရှိပြီး ဒီကနေ့ အောက်တိုဘာလ ၈ ရက်နေ့မနက်ပိုင်း ၆ နာရီလောက်ကလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ စစ်ကော်မရှင်တို့ကြား မြေပြင်တိုက်ပွဲဖြစ်ပွားတာ ရှိတယ်လို့ သိရပါတယ်။

ဝိုင်းမော်(လမြန်)တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က ခြေလျင်စစ်ကြောင်းအပြင် ဒရုန်း၊ လေယာဉ် ဗုံးကြဲတိုက်ခိုက်တဲ့အပြင် မြစ်ကြီးနားမြို့ဘက် အခြမ်းကနေ လက်နက်ကြီး ပစ်ခတ်တာ ရှိတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

အခုအချိန်က ဘယ်သူမှ အတည်တကျ နယ်မြေစိုးမိုးနိုင်တာ မရှိဘူး။ တစ်ခါတလေ စစ်ကော်မရှင်ဘက်က နောက်ဆုတ်လိုက်၊ တစ်ခါတလေ ကျွန်တော်တို့ နောက်ဆုတ်လိုက်နဲ့ ဝိုင်းမော်(လမြန်)ဘက် စစ်ရေးအခြေအနေက တင်းမာနေဆဲလို့ ဖြေကြားလိုပါတယ်။လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က နေရာအချို့ လက်လွှတ်လိုက်ရတာရှိသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဘက်ကလည်း နေရာအချို့ ဆုတ်ခွာလိုက်ရတာရှိပြီး လက်ရှိအခြေအနေအရတော့ နှစ်ဖက်တပ်ကနေ နေရာ အတည်တကျ စိုးမိုးနိုင်တာတော့ မရှိဘူးလို့ သိရှိရပါတယ်။

ဒါ့အပြင် ဒီကနေ့မနက် အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်း ဝိုင်းမော်( လမြန်)ဘက်က စစ်‌ ကော်မရှင်၊ မင်း‌ဇေသန့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့ရဲ့ ခြေကုတ်စခန်း ၂ နေရာကို KIA ကနေ တိုက်ခိုက်သိမ်းပိုက်နိုင်တယ်ဆိုပြီး သတင်းတွေ ပျံ့နှံ့နေတဲ့အပေါ် သိမ်းပိုက်နိုင်တယ်ဆိုပြီး သတင်းရရှိပေမဲ့ အတိအကျအတည်မပြုနိုင်သေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဝိုင်းမော်-ဝါရှောင်လမ်းပေါ်က လမြန်စစ်မျက်နှာပြင်ဘက်မှာ စစ်ကော်မရှင်တပ်၊ SNA ပြည်သူ့စစ်နဲ့ မင်းဇေသန့် ပြည်သူ့စစ် ပူးပေါင်းတပ်တွေဟာ ခြေလျင်နဲ့ စက်တင်ဘာလ ၂၂ ရက်နေ့မနက်ကတည်းက တိုက်ခိုက်နေဆဲဖြစ်ပြီး KIA ပူးပေါင်းတပ်ကနေ ခုခံတိုက်ခိုက်နေပါတယ်။

ခုခံတိုက်ခိုက်တာကြောင့် စစ်ကော်မရှင်ပူးပေါင်းတပ်ဘက်က သေဆုံးမှုများလာပြီး ပြန်လည်ဆုတ်ခွာသွားတာ ရှိတဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ စက်တင်ဘာလ ၂၃ရက်က ထုတ်လွှင့်တဲ့ အသတင်းအရ သိရပါတယ်။

ဝိုင်းမော်-ကန်ပိုက်တီလမ်းနဲ့ ဝိုင်းမော်-ချီဖွေလမ်းကို ပြန်လည်ထိန်းချုပ်ရယူဖို့ အစီအစဉ်နဲ့ စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ လမြန်စစ်မျက်နှာပြင်ဘက် အင်အားအများအပြားနဲ့ တိုက်ခိုက်နေတဲ့ အခြေအနေဖြစ်တယ်လို့ သုံးသပ်မိတဲ့အကြောင်း KIO/KIA သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ သတင်းထုတ်လွှင့်ချက်အရ ထပ်မံသိရှိရပါတယ်။

ဝိုင်းမော်မြို့အတွင်းက စစ်ကော်မရှင်တပ်ရဲ့ ၅၈ တပ်ရင်းတစ်ခုကလွဲရင် ဝိုင်းမော်-လိုင်ဇာလမ်းပိုင်းက စစ်ကော်မရှင်ရဲ့ အထိုင်တပ်စခန်းကြီးတွေအားလုံးအပြင် ဝိုင်းမော်-ဝါးရှောင်လမ်းဘက်က ဆဒုံး-ကန်ပိုက်တီနဲ့ ချီဖွေ၊ ဆော့လော် စတဲ့နေရာတွေကိုပါ KIA ပူးပေါင်းတပ်တွေကနေ မနှစ်က ထိုးစစ်အတွင်းမှာ သိမ်းပိုက်ထားတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here