ရွှေကူမြို့သို့ ရောက်ရှိလာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောများအား KIA စောင့်ကြိုတိုက်ခိုက်

276

 

ဩဂုတ်၊၁၆

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ဝက်မကျေးရွာကို ရောက်ရှိလာတဲ့ စစ်ကောင်စီရဲ့သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကနေ ဒီကနေ့ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တက်လာတဲ့ စစ်သင်္ဘော ၉ စင်းကို လမ်းခုလတ်နေရာတွေကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီလိုတိုက်ခိုက်ခံရတာကြောင့် မြစ်ကြီးနားလေတပ်စခန်းကနေ လေယာဉ်တွေလည် းရောက်ရှိလာပြီးတော့ သင်္ဘောခုတ်မောင်းရာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လုံခြုံရေးစောင့်ကြပ်ပေးနေတယ်လို့ ရွှေကူမြို့ ဒေသခံအမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဒီမနက်လည်း သူတို့(စစ်ကောင်စီ) ရွှေကူဘက်က တက်လာတဲ့အချိန် ရွှေကူတစ်ဝိုက်ကိုလည်း အသားကုန်ပစ်ပြီးတော့မှ တက်လာကြတယ်တဲ့။ ဝက်မ၊ ညောင်ပင်သာ အဲဒီတစ်ဝိုက်ကို ရောက်ပြီလို့တော့ပြောတယ်။”လို့ အထက်ပါ ဒေသခံအမျိုးသမီးက ဆိုပါတယ်။

ရွှေကူနဲ့ ဗန်းမော်မြို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကျေးရွာတွေထဲက ဒေသခံအများစုဟာ စစ်သင်္ဘောတွေရောက်မလာခင် လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင် နေထိုင်နေကြတယ်လို့ သိရပါတယ်။

အခုလို ကြိုတင်ထွက်ပြေးတိမ်းရှောင်ရတာဟာ စစ်သင်္ဘောမရောက်ခင် စစ်ကောင်စီစစ်ကြောင်းတွေဟာ ရွာတိုင်းမှာဝင်ပြီး ကင်းပုန်းဝပ်တာတွေနဲ့ စခန်းချနေထိုင်တာမျိုးတွေ ပြုလုပ်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ သင်္ဘော ၉ စင်းကို မြို့လှ PDF မှလည်း ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့လည်း မြို့လှ PDF ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ကြေညာထားပါတယ်။

အဲဒီစစ်သင်္ဘောတွေဟာ စစ်လက်နက်တွေနဲ့ ရိက္ခာတွေကို သယ်ဆောင်ပြီး လွန်ခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က မန္တလေးတိုင်း၊ ဂေါဝန်ဆပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်၊ဗန်းမော်မြို့အထိ ဆန်တက်လာခဲ့ကြတာ ဖြစ်ပါတယ်။

သင်္ဘောဆန်တက်လာတဲ့အချိန် ကာကွယ်ဖို့အတွက် စစ်ကောင်စီကနေ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ ဒေသခံတချို့ကို သတ်ဖြတ်တဲ့အပြင် နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here