ဇန်နဝါရီ၊၂၃
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း ကောင်ဂျာရွာဘက် စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှု အတွင်း သေဆုံးသွားတဲ့ အရပ်သားပြည်သူ ဒီကနေ့မနက် နောက်ဆုံးရရှိထားတဲ့ အစာရင်းအရ ၂၂ ဦး ရှိတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောပါတယ်။
လေကြောင်းတိုက်ခိုက်ချိန် နေရာမှာတင် သေဆုံးသူ ၁၈ ဦးရှိတဲ့အပြင် ဆေးရုံသို့ ပို့ဆောင်ချိန် လမ်းခုလတ်မှာ ၃ ဦးနဲ့ ဆေးရုံအရောက်မှာ တစ်ဦးသေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၂၂ ဦး ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒဏ်ရာရရှိသူ ၂၈ ဦးရှိပြီးတော့ အဲဒီအထဲက အယောက် ၂၀ ကိုတော့ ဆေးရုံတင် ကုသပေးနေပြီး ဒဏ်ရာမပြင်းထန်တဲ့ ပြည်သူ ၈ ဦးကိုတော့ ပြင်ပလူနာအနေနဲ့ ဆေးကုသပေးနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
” အမျိုးသမီး၊ အမျိုးသား အသက်တွေကတော့ အတိအကျ မရရှိသေးဘူး။ ထိခိုက်ဒဏ်ရာရတဲ့အထဲ ၂ လသားအရွယ် သမီးလေးတစ်ယောက် ပါတယ်။ မိဘတွေက သေဆုံးသွားတဲ့အထဲ ပါသွားတာ ထင်တယ်။ ဒီကိုရောက်တဲ့အချိန် မိဘမပါဘဲ သူတစ်ယောက်တည်းပဲ။“လို့ ပြောပါတယ်။
ဗန်းမော်မြို့ရဲ့ တစ်ဖက်ကမ်း ကောင်ဂျာရွာဘက် တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ မနေ့ ဇန်နဝါလ ၂၂ ရက်နေ့ ညနေပိုင်းလောက်က စစ်ကော်မရှင်ကနေ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးဌာနက The Kachin Net သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာဟာ နာရေးအိမ် လူစုဝေးနေချိန်ဖြစ်တာကြောင့် သေဆုံးသူများပြီး ထိခိုက်သူတွေများကြောင်း ဆိုထားပါတယ်။
“အခုစစ်ကော်မရှင်က စစ်ရှောင်စခန်းလည်း ပစ်တယ်။ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေလည်း ပစ်တယ်။ တိုက်ပွဲ ဖြစ်ပွားတာ မရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ မရှိတဲ့ ပြည်သူတွေ သီးသန့်နေတဲ့ နေရာ သူတို့ သိရက်နဲ့ ပစ်တယ်။ ဆိုတော့ မနေ့ကလည်း သိနေရက်နဲ့ ပစ်တယ်လို့ အပြစ်တင်ချင်တယ်။“လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
ဒါ့အပြင် မနေ့က လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ဟာ ကောင်ဂျာ၊ ထီးလင်း၊ အလျန့်ကောင်စတဲ့ စစ်ရှောင်စခန်း၊ စာသင်ကျောင်းလို နေရာ သုံးနေရာလောက်မှာ လာရောက်တိုက်ခိုက်တဲ့ ပုံစံရှိတယ်လို့ ထပ်မံသိရှိရတာပါ။ အထက်ပါ ကောင်ဂျာရွာအတွင်း ဒေသခံပြည်သူတွေသာမက ဗန်းမော်တိုက်ပွဲကြောင့် တိမ်းရှောင်လာတဲ့ ပြည်သူအများအပြားလည်း ခိုလှုံနေကြတာလည်း ဖြစ်ပါတယ်။
KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ တစ်နှစ်ကျော်လာပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေပြင်းထန်ဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားတဲ့ ဆော့လော်မြို့နယ်၊ လန်ဆယ် (Lang Se) ရွှေမှော်ဒေသဘက် လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေပါ ရှိခဲ့ပါတယ်။
ဒါ့အပြင် ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့အတွင်းမှာလည်း စက်တင်ဘာလ ၂၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၁၁ ဦးသေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကော်မရှင်ဟာ ကချင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျှက်ရှိပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က အနန့်ပါဒေသကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အချိန် ၆၂ ဦးနဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ မုန်လိုင်ခက်စစ်ရှောင်စခန်း ပေါက်ကွဲမှုမှာတော့ ၂၉ ဦး သေဆုံးခဲ့ရပါတယ်။









