ဩဂုတ်၊၁၀
စစ်မှန်တဲ့ နိုင်ငံရေးဆွေနွေးမှု ရှိလာခဲ့ရင် တိုင်ပင်ဆွေးနွေးတဲ့ နည်းလမ်းနဲ့လည်း လုပ်ဆောင်လာမှာ ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့စည်း(KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ကျရောက်တဲ့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။
အဲဒီမိန့်ခွန်းထဲမှာ နိုင်ငံတော်အေးချမ်းသာယာ ဖွံ့ဖြိုးလာဖို့အတွက် နိုင်ငံရေးတည်ငြိမ်ရမှာဖြစ်ပြီး မြန်မာအစိုးရအဆက်ဆက် လူမျိုးကြီးဝါဒနဲ့ အကြမ်းဖက်အုပ်ချုပ်မှု နည်းလမ်းကို ပေါ်လစီချမှတ်ပြီး နိုင်ငံတော်အာဏာကို ထိန်းချုပ်ထားတဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ ချောမွေ့ပြေပြစ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုထားပါတယ်။
ဒါ့ကြောင့် မိမိတို့လိုလားတဲ့ ပန်းတိုင်ရောက်အောင် လက်နက်ကိုင်တော်လှန်နေရတာ ဖြစ်ပေမဲ့ တစ်ဖက်မှာ စစ်မှန်တဲ့နိုင်ငံရေးဆွေနွေးမှု ရှိလာခဲ့ရင် တိုင်ပင်ဆွေးနွေးတဲ့ နည်းလမ်းနဲ့လည်း လုပ်ဆောင်လာမှာဖြစ်တယ်လို့ ပြောထားတာပါ။
“လက်ရှိမှာ စစ်ကောင်စီကနေ စစ်အာဏာရှင်စနစ်နဲ့ နိုင်ငံကို အုပ်ချုပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီအုပ်ချုပ်ရေးစနစ်ကိုမကြိုက်တဲ့ ပြည်သူတွေအားလုံးနီးပါး စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတာ ဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်အောင် ပူးပေါင်းတိုက်ခိုက်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီလို ဖြစ်စဉ်တွေကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်းဟာ သီးသန့်စစ်ဆင်ရေးချမှတ်ပြီး တစ်နိုင်ငံလုံး တိုက်ပွဲဖော်ဆောင်နေတာ ဖြစ်ပါတယ်။“လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိပါးစေတာ၊ မိမိလူမျိုး အချင်းချင်း သွေးထွက်သံယို တိုက်ခိုက်တာကို နည်းလမ်းရှာဖွေပြီး တတ်နိုင်သမျှ ရှောင်ကြဉ်ရမှာ ဖြစ်တဲ့အပြင် စစ်ကောင်စီလက်ပါးစေတွေနဲ့ ပြည်သူ့စစ်မှာ ပါဝင်နေတဲ့သူတွေကို အချင်းချင်းသတိပေးဖို့နဲ့ လမ်းညွှန် စည်းရုံးဖို့အတွက် ပြည်သူလူထုအားလုံး တာဝန်ယူကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
မိမိ အုပ်ချုပ်ရေးနယ်မြေအနှံ့ တပ်စခန်းချထားတဲ့ စစ်ကောင်စီတပ်စခန်း အများအပြားကို ဝင်ရောက်တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့အပြင် စစ်ဆင်ရေးကို ဦးဆောင်သူတွေ၊ ရဲစွမ်းသတ္တိအပြည့်နဲ့ ရှေ့တန်းတိုက်ပွဲမှာ ပါဝင်နေတဲ့ ရဲဘော်တပ်သားတွေ အားလုံးကိုလည်း ဂုဏ်ပြုလိုက်ပြီး နောက်တန်းကနေ ပါဝင်ပံ့ပိုးသူတွေ အားလုံးကိုပါ ကျေးဇူးတင်ဂုဏ်ပြုလိုက်တယ်လို့လည်း ပြောကြားပါတယ်။
ဒီစစ်ဆင်ရေးအတွင်း ပူးပေါင်းပါဝင်တဲ့ တော်လှန်ရေးအင်အားစုတွေကိုလည်း ကျေးဇူးတင်ဂုဏ်ပြုလိုက်တယ်လို့ ဆိုထားပါတယ်။
လက်ရှိ သိမ်းပိုက်ရရှိထားပြီဖြစ်တဲ့ နယ်မြေတွေမှာ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေစိုးမိုးရေး၊ ပြည်သူလူထု စားဝတ်နေရေးနဲ့ နယ်မြေလုံခြုံရေး လုပ်ငန်းဆောင်သာတွေကို အချိန်မီ အားစိုက်လုပ်ဆောင်ရမှာဖြစ်ပြီး ဒီလုပ်ငန်းဆောင်တာတွေမှာ လုပ်ငန်းကျွမ်းကျင်သူတွေ၊ လူငယ်လူရွယ်တွေ အများအပြား လိုအပ်လျက်ရှိတာကြောင့် တာဝန်သိစိတ်အပြည့်နဲ့ ပါဝင်ထမ်းဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။
လက်ရှိအချိန်မှာ တော်လှန်ရေးအင်အားစု အချင်းချင်းကြား နယ်မြေလုအုပ်စိုးတာတွေ မဖြစ်အောင် သတိထားရမယ့်အပြင် နယ်မြေထိန်းချုပ်မှုပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ပဲ အချင်းချင်း ဆွေနွေးတိုင်ပင်ရမှာ ဖြစ်တာကို နားလည်ထားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
တစ်ဆက်တည်းမှာပဲ စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်ရရှိထားပြီ ဖြစ်ပေမဲ့ စစ်ဆင်ရေး မရုတ်သိမ်းသေးတဲ့အတွက် စစ်ရေးအခြေအနေအမြဲတမ်း သတိထား နားစွင့်ရမှာဖြစ်သလို သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေနဲ့ မြို့၊ ရွာတွေမှာလည်း လေကြောင်းရန်ကို အမြဲ သတိထားနေရမယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက သတိပေးထားပါတယ်။







