စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲနှင့် ပြည်သူ့စစ်တပ်ဖွဲ့များတွင် မပါဝင်ကြရန် KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လပြော

215

 

အောက်တိုဘာ၊ ၂၅

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူလူထုတွေ မပါဝင်ကြဖို့နဲ့ ပြည်သူအချင်းချင်း ရန်သူဖြစ်လာစေနိုင်တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေမှာလည်း မပါဝင်ကြဖို့ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ဒေသအသီးသီးမှာ သန်းခေါင်စာရင်းကောက်ယူတာတွေ ရှိနေတဲ့အတွက် အခုလိုကာလမှာ ဒီနည်းလမ်းဟာ ပြည်တွင်းပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်တာကြောင့် စစ်ကောင်စီပြုလုပ်သွားမယ့် ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့ ဒီကနေ့ကျရောက်တဲ့ ၆၃ နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) နေ့မှာ ပြောဆိုလိုက်တာပါ။

” ဒီလိုအခြေအနေမျိုးမှာ သန်းခေါင်စာရင်းကောက်တာနဲ့ ရွေးကောက်ပွဲလုပ်တာက တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြည်သူလူထုတွေ ပါဝင်တာမျိုး မလုပ်ကြဖို့ ပြောချင်ပါတယ်။” လို့ဗိုလ်ချုပ်ကြီးအင်ဘန်လက မိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။

အဖက်ဖက်က အကျပ်ရိုက် အခက်တွေ့နေပြီဖြစ်တဲ့ စစ်ကောင်စီဟာ နေရာဒေသ တော်တော်များများမှာ ပြည်သူ့စစ်တပ်ဖွဲ့တွေကို ဖွဲ့စည်းတည်ထောင်လာနေပြီး ပြည်သူလူထုအချင်းချင်း ရန်သူဘက်တော်သား ဖြစ်စေနိုင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေမှာ လူထုတွေအနေနဲ့ မပါဝင်ဘဲ ရှောင်ရှားကြဖို့ကိုလည်း ပြောဆိုထားတာပါ။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်းအနေနဲ့ အာဏာရှင်စနစ်ကို တိုက်ထုတ်သွားမှာဖြစ်ပြီး ပင်လုံကတိကို အခြေခံတဲ့ ဖက်ဒရယ်နိုင်ငံတော်တည်ထောင်ဖို့ စစ်အာဏာရှင်ကို တော်လှန်တိုက်ထုတ်နေတဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ လက်တွဲကြိုးပမ်း ဆောင်ရွက်နေတယ်လို့လည်း ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီကြောင့် နိုင်ငံတစ်ဝန်းမှာ ခက်ခဲမှုတွေကြုံတွေ့နေရပြီး များပြားလှတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခက်အခဲအကျပ်အတည်းတွေကိုလည်း ကမ္ဘာက သိရှိမြင်တွေ့နေပြီလို့ ဆိုပါတယ်။

အခုလို နိုင်ငံရေးအခြေအနေ ရှုပ်ထွေးနေတဲ့အချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူတွေနဲ့ မူးယစ်ဆေးဝါးအမျိုးမျိုး ပိုပြီးများလာနေတာကို တွေ့မြင်နေရတဲ့အတွက် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ဖို့အတွက် သက်ဆိုင်ရာဌာနဘက်က အားစိုက်ဆောင်ရွက်ဖို့အပြင် မူးယစ်ကင်းစင်ပပျောက်ဖို့ ပြည်သူတိုင်းမှာ တာဝန်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တာဝန်ထမ်းဆောင်နေတဲ့ တပ်သားတွေအနေနဲ့လည်း ကြားကာလအခြေအနေမှာ အရင်ကထက် ပိုကြိုစားထမ်းဆောင်ရမယ့် အခြေအနေဖြစ်တာကြောင့် ဗဟိုကော်မတီရဲ့ လမ်းစဉ်အတိုင်း စစ်ကောင်စီကို တော်လှန်ကြဖို့နဲ့ အဖွဲ့အစည်း ဂုဏ်သိက္ခာကို ညိုးနွမ်စေတဲ့ အပြုအမှုတွေကိုလည်း ရှောင်ရှားကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here