မေ၊၂၇
တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီမြို့မှာ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ရဲ့ စုပေါင်းဂိတ်ဖွင့်ပွဲ အခမ်းအနားကို မနေ့က မေလ ၂၆ KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ရုပ်သံအစီအစဉ်မှာ ဖော်ပြထားပါတယ်။
အဲဒီစုပေါင်းဂိတ်ကနေ ပို့ကုန်သွင်းကုန်တွေကို ပြည်ပအခွန်အနေနဲ့ ကောက်ခံမှာဖြစ်ပြီး ဒီကနေ့ မေလ ၂၇ ရက်နေ့ကနေစပြီး ဆဒုံးဂိတ်က တင်သွင်းတဲ့ ပို့ကုန်တွေကိုတော့ ပြည်တွင်းအခွန်အနေနဲ့ စတင်ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီစုပေါင်းဂိတ်ဖွင့်ပွဲ အခမ်းအနားကို ကန်ပိုင်တီမြို့က အုပ်ချုပ်ရေးတာဝန်ခံ၊KIOအခွန်ဦးစီးဌာနကတာဝန်ခံတွေ၊ ဘာသာရေးသင်းအုပ်ဆရာတွေနဲ့ ဒေသခံပြည်သူတွေ ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေကြောင့် ကန်ပိုက်တီဂိတ်ကို တရုတ်ဘက်က ပိတ်ထားခဲ့ပြီးနောက်ပိုင်း တရုတ်ကနေ မြန်မာဘက်ကို စားသောက်ကုန်အနည်းငယ် တင်သွင်းတာတွေတော့ ရှိပါတယ်။ စက်သုံးဆီနဲ့ အခြားကုန်ပစ္စည်းတွေတော့ တင်သွင်းတာ မရှိပါဘူး။
KIO ထိန်းချုပ်နယ်မြေမှာရှိတဲ့ လိုင်ဇာနဲ့ လွယ်ဂျယ် နယ်စပ်ဂိတ်ကိုလည်း စားသောက်ကုန်နဲ့ လူသုံးကုန်တွေပဲ တင်သွင်းခွင့်ပြုထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်အဖွဲ့ရဲ့ တရုတ်ခရီးစဉ်အပြီး ဒီဇင်ဘာလ ၁၃ရက်နေ့မှာ ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က ဝိုင်းမော်မြို့နယ်က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိတဲ့ ကချင်အထူးဒေသ ၁ ကန်ပိုက်တီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
တိုက်ပွဲအခြေအနေတွေကြောင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က တရုတ်ဘက်ကနေ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
ပုံ- အာဏာမသိမ်းခင်က တွေ့ရသည့် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဂိတ်စခန်း။







