ဇူလိုင်၊၁၀
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်မှာ ၆ လအတွင်း မူးယစ်ဆေးနဲ့ ပတ်သက်တဲ့အမှုပေါင်း ၂၀၀ ကျော်ကို စစ်ဆေးစီရင် အရေးယူခဲ့တယ်လို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ရုပ်သံထုတ်လွင့်ချက်အရ သိရပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီကနေ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်ရာမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လတာအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၂၀၈ ခုကို ခရိုင်တရားရုံးကို အမှုအပ်စီရင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
စီရင်အရေးယူခဲ့တဲ့မူးယစ်ဆေးအမှု ၂၀၈ ခု၊ တရားခံ အယောက် ၂၇၀ ရှိပြီးတော့ အဲဒီအထဲမှာ အမျိုးသမီး ၆၉ ဦးပါဝင်တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီကနေ E-div တရားရုံးကို မူးယစ်မှု ၃၉ ခုအပ်ခဲ့တဲ့အထဲ တရားခံ အယောက် ၆၀ ရှိပြီးတော့ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ခဲ့တာရှိတယ်လို့ ဆိုပါတယ်။
W-div တရားရုံးဘက်ကိုလည်းအမှု ၁၅ ခု အပ်ခဲ့ပြီး ဒီအမှုတွေအတွက် တရားခံ ၄၇ ယောက်ရှိခဲ့သလို အမြင့်ဆုံး ပြစ်ဒဏ် ၁၀ နှစ်အထိ ချမှတ်တာပါဝင်ခဲ့ပြီးတော့ S-dip တရားရုံးဘက်ပို့တဲ့ မူးယစ်အမှု ၂၇ ခု၊ တရားခံ ၂၇ ယောက်ထဲမှာလည်း အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခဲ့တာရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် C-div တရားရုံးဘက်ပို့တဲ့ မူးယစ်အမှု ၁၅ ခုအတွက် တရားခံ ၁၅ ဦးအပြင် Uru- div တရားရုံးကိုပို့တဲ့ အမှု ၈၇ ခု၊ တရားခံ အယောက် ၉၀ ထဲမှာ အမြင့်ဆုံးပြစ်ဒဏ် ၇ နှစ်အထိ စီရင်တာရှိခဲ့တယ်လို့ ဆိုပါတယ်။
Div ဆိုတာကတော့ Division ဖြစ်ပြီးတော့ တိုင်းစစ်ဌာနချုပ်ကို ဆိုလိုတာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနချုပ်ရဲ့ ညွှန်ကြားချက်အရ သက်ဆိုင်ရာဒေသတွေအတွင်းက မူးယစ်တိုက်ဖျက်ရေးကော်မတီတွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်ပြီးစီးပွားလုပ်တဲ့သူတွေကို ဖမ်းဆီးအရေးယူတာတွေလုပ်ဆောင်နေသလို ခရိုင်တိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို အစဉ်ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့အစည်းအနေနဲ့ ငွေကြေးကုန်ကျခံပြီး တိုက်ဖျက်ရေးလုပ်ငန်းတွေကို
တဆင့်ပြီးတဆင့် အားထုတ်ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့လက ထုတ်ပြန်စာမှာ ပြောဆိုထားပါတယ်။
အိမ်ထောင်ရှိ အမျိုးသမီး၊အမျိုးသားတွေလူငယ်တွေ နဲ့ ကျောင်းသူ ကျောင်းသားတွေဟာ KTV ဆိုင်တွေမှာ စုဝေးပြီး မူးယစ်ဆေးဝါးသုံးစွဲကာ အကျင့်စာရိတ္တပျက်စီးမှုတွေရှိနေသလို မူးယစ်ဆေးဝါးရောင်းဝယ်တဲ့နေရာတွေဖြစ်နေတာကြောင့် ထိန်းချုပ်ဒေသတွေက KTV ဆိုင်တွေကို ပိတ်သိမ်းဖို့ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့မှာ KIO က စာထုတ်ပြန်ခဲ့ပါတယ်။
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။







