မုန်းမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၂၀ သေဆုံးကြောင်း KNU ပြော

300

 

ဒီဇင်ဘာ၊၉

မုန်းမြို့‌တိုက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၁၂၀ ဦးသေဆုံးခဲ့ပြီး အယောက် ၅၀ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီကနေ့ ဒီဇင်ဘာ ၉ ရက်နေ့ ညမှာ ထုတ်ပြန်လိုက်ပါတယ်။

ကော်သူလေးအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မုန်းမြို့က စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂ ရက်နေ့က နေ့ ၇ ရက်နေ့ထိ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ဆင်ရေးစတင်တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၇ ရက်ထိ စစ်ကောင်စီရဲ့ ခမရ (၅၉၀) တပ်ရင်းဌာနချုပ်၊မုန်းမြို့မရဲစခန်းနဲ့ ကော့ပြင်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ (၅၉၉) တပ်ရင်းဌာနချုပ်နဲ့မုန်းသာစည်တံတားကင်းတွေကိုပါ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၂၀ သေဆုံးပြီးတော့ အယောက် ၅၀ ဒဏ်ရာရခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေဖက်မှလည်း အသက်ပေးလှူခဲ့ရသူရှိတယ်လို့ KNU က ထုတ်ပြန်ထားတာပါ။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီဖက် လေကြောင်းနဲ့ မုန်းမြို့ပေါ်နဲ့အနီးအနားကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ၃ ရက်ဆက်တိုက် ပြုလုပ်ခဲ့တာကြောင့် ပြည်သူထိခိုက်သေဆုံးမှုတွေရှိတယ် လို့ KNU ကဆိုပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီတပ်ဟာ မြို့ပေါ်နဲ့ အချို့ကျေးရွာတွေမှာ နေရာယူထားတာကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ ပြည်သူလူထုအရေအတွက်ကို အတည်ပြုနိုင်တာ မရှိသေးဘူးလို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here