စက်တင်ဘာ၊ ၂၀
ကချင်ပြည်နယ်၊ဖားကန့်မြို့အဝင်က စစ်ကောင်စီရဲဂိတ်ကို ဒီကနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်က Kachin People Defense Force(KPDF) တွေကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က သေဆုံးသူရှိတယ်လို့ သိရပါတယ်။
ဖားကန့်မြို့ ၊မော်ဝမ်းရပ်ကွက်က ပန်းတင်တံတားစောင့် စစ်ကောင်စီရဲဂိတ်ကို KPDF တွေက သွားရောက်ပစ်ခတ်ခဲ့တာလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
“လေးငါးချက် သွားပစ်ပေးပြီး ပြန်သွားတယ်တဲ့။ လက်ထောက်မော်တာနဲ့ သွားပစ်တာတဲ့။ နှစ်ယောက်ကတော့ သေတယ်ဆိုလား ထိခိုက်တယ်ဆိုလား လဲသွားတယ်တဲ့ ရဲတွေ။” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။
ပန်းတင်တံတားထိပ်က တံတားစောင့်စစ်ကောင်စီရဲကင်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီရဲနှစ်ဦးသေဆုံးတယ်လို့ နောက်ထပ်ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက ပြောပေမဲ့ ပစ်ခတ်သူနဲ့ သေဆုံးမှုရှိမရှိကိုတော့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကလည်း ပန်းတင်စစ်ကောင်စီရဲကင်းစခန်းကို KPDFတွေ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။