အောက်တိုဘာ၊၂၆
မနေ့ညက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖားကန့်မြို့၊ နမ့်မဖြစ်ကျေးရွာမှာရှိတဲ့ မြန်မာသူရ ကျောက်မျက်ကုမ္ပဏီဝင်းအတွင်းက ကျောက်တွေကို ဒီကနေ့ မနက် ၁၁ နာရီခန့်ကစပြီး ဖားကန့်ဒေသခံတွေ သွားရောက် သယ်ယူနေကြတယ်လို့ သိရပါတယ်။
ကုမ္ပဏီဝင်းက ကျောက်တွေကို ဒေသခံတွေကနေ ဆိုင်ကယ်၊သုံးဘီး၊ကားတွေနဲ့ သယ်သူနေကြတယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“သုံဘီးတွေ ကားတွေနဲ့ကို သယ်နေကြတာ။ အများကြီးပဲ။ တိတ်စည်းထားတဲ့ ကျောက်တွေရောပါတယ်။”လို့ အထက်ပါ အမျိုးသားက ဆိုပါတယ်။
လက်ရှိမှာတော့ ကုမ္ပဏီဝင်းကို စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ကျောက်လာသယ်တဲ့သူတွေကို မောင်းထုတ်နေတယ်လို့လည်း ဖားကန့်ဒေသခံ နောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။
“အခုက စစ်သားတွေပဲ ရှိနေကြတယ်။ အားလုံးကို မောင်းထုတ်နေကြတယ်။ ကျောက်ကောင်းတွေတော့ မရှိတော့ဘူးလေ အဲဒီမှာက။ အောက်ကျောက်တွေပဲလေ”လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။
မနေ့ညက နမ့်မဖြစ်ကျေးရွာမှာရှိတဲ့ မြန်မာသူရ ကျောက်မျက်ကုမ္ပဏီဝင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ KPDFပူးပေါင်းတပ်တို့ သွားရောက်တိုက်ခိုက်ခဲ့တဲ့အချိန် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ဖြစ်ပြီးတော့ ဒီကနေ့မနက်ပိုင်း လူမရှိတဲ့အချိန် ကုမ္ပဏီဝင်းထဲက ကျောက်တွေကို သွားရောက်ယူဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီကိုဆန့်ကျင်တဲ့ အဖွဲ့တွေဆီ ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရကို၂၀၂၂ ခုနှစ် ဩဂုတ်လပိုင်းက စစ်ကောင်စီကနေ ဖမ်းဆီးထားပြီး ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။







