စက်တင်ဘာ၊၁၀
ဝိုင်းမော်မြို့ပြင်ဘက်က မလိမုန်ရာစစ်ရှောင်စခန်းမှာ ဝါးအစိမ်းတွေနဲ့
အရေးပေါ်ဆောက်လုပ်နေထိုင်နေတဲ့ တဲအိမ်တွေ ပိုးထိုးပျက်စီးလာပြီဖြစ်တဲ့အတွက် ပြန်လည်ဆောက်လုပ်ဖို့ လိုအပ်နေပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့မတ်လတုန်းက ဝါးတွေခုတ်ပြီး အရေးပေါ်ဆောက်လုပ်နေထိုင်ခဲပြီးနောက် ပျက်စီးလာတာဖြစ်တယ်လို့ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။
“အရေးပေါ်အနေနဲ့ ဝါးနဲ့ပဲဆောက်လုပ်ထားတာဆိုတော့ ဝါးနှီးတွေကလည်း အားလုံးဆွေးကုန်ပြီ။“ လို့ အထက်ပါအမျိုးသား ဆိုပါတယ်။
ဝါးပိုးထိုးပြီး ကျလာတဲ့ ပိုးချီး(အမှုန်)တွေဟာ ယားယံတာတွေ ဖြစ်တတ်တဲ့အတွက် စစ်ရှောင်စခန်းက ပြည်သူတွေအားလုံးအတွက် နေထိုင်ရအဆင်မပြေ ဖြစ်နေရတယ်လို့ သိရပါတယ်။
အရင်က ဝါးတစ်လုံးကို ကျပ် ၁,၅၀၀ နဲ့ ဝယ်ပြီး ဆောက်နိုင်ခဲ့ကြပေမဲ့ အခုအချိန်မှာတော့ ကျပ် ၅,၀၀၀ အထက်ရှိနေပြီဖြစ်တာကြောင့် အခက်အခဲဖြစ်နေတာပါ။
ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း မရရှိတဲ့အတွက် အလှူရှင်တွေလည်း မရောက်ရှိဘူးလို့ ဆိုပါတယ်။
ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် ဝိုင်းမော်မြို့နဲ့ အနီးတစ်ဝိုက်ကပြည်သူတွေနေထိုင်လို့မရတော့တဲ့ အခြေအနေကို ရောက်ရှိခဲ့တာပါ။
အဲဒါကြောင့် ဝိုင်းမော်မြို့အပြင် မြောက်ဘက်ပိုင်းက တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေမှာ စစ်ရှောင်စခန်းတွေ တည်ဆောက်ပြီး သွားရောက်ခိုလှုံနေ ကြတာဖြစ်ပါတယ်။







