ဆယ်ဇင်းကျေးရွာတစ်ဖက်ကမ်းက ရွာနှစ်ရွာမှာ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေ တပ်စွဲထားပြီး ဒေသခံတွေကို တစ်ခြားနေရာ ပြောင်းရွှေ့ခိုင်းထား

327
ဓါတ်ပုံ- ဆယ်ဇင်းကျေးရွာအား ‌အပေါ်စီးမှတွေ့ရစဉ်။

 

ဒီဇင်ဘာ၊ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊(ဆယ်ဇင်းကျေးရွာအစပ်) ရွှေတွင်းကျေးရွာအုပ်စုက ရွာ ၂ ရွာမှာ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေ ဝင်ရောက်တပ်စွဲနေပြီး ဒေသခံတွေကို တခြားဘက် ရွှေ့ပြောင်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆယ်ဇင်းကျေးရွာ တစ်ဖက်ကမ်းမှာရှိတဲ့ အနောက်ကမ်းသာကျေးရွာနဲ့ ဝေသာလီကျေးရွာက ဒေသခံတွေကို SNA ပူးပေါင်းတပ်ဘက်က ရွှေတွင်းဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းဘက်မှာ စုထားတာ ၂ ပတ်လောက်ရှိနေပြီဖြစ်တယ်လို့ အဲဒီဘက်နဲ့နီးစပ်တဲ့ ဆယ်ဇင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အဲဒီမှာရှိတဲ့ပြည်သူတွေကို SNA က‌ မောင်းထုတ်ပြီးတော့ ရွှေတွင်းဘုန်းကြီးကျောင်းမှာ စုထားခိုင်းတယ်။ လိုအပ်ရင်သုံးမယ်လို့လည်း ပြောတယ်တဲ့။ ပြည်သူတွေ အဲဒါကြောင့် စိုးရိမ်နေကြတာ။ လောလောဆယ် တိုက်ပွဲတွေတော့မရှိဘူး။ ပိတ်မိထားတာပဲရှိတယ်။”လို့ အထက်ပါဒေသခံက ဆိုပါတယ်။

ဒေသခံတွေဟာ လက်ရှိ ရွှေတွင်းဘုန်းကြီးကျောင်းမှာ ပိတ်မိနေပြီး ဝေသာလီနဲ့ အနောက်ကမ်းသာဘက်မှာတော့ စစ်ကောင်စီနဲ့ SNA တပ်ဖွဲ့ဘက်က ပူးပေါင်းဂိတ်ထိုင်နေလည်း လို့ သိရပါတယ်။

အလောတကြီး ရွှေ့ခိုင်းတဲ့အတွက် ပစ္စည်းတွေမယူလိုက်ရတဲ့ ဒေသခံတွေဟာ နေအိမ်လည်း ပြန်လို့မရသေးတဲ့အတွက် စားဝတ်နေရေးခက်ခဲတာအပြင် ပုံမှန်ဆေးသောက်နေရတဲ့ သူတွေလည်း ဆေးပြတ်လပ်တာတွေကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

“စားဝတ်နေရေးကတော့ဖြစ်သလို ဖြေရှင်းနေကြတာဗျ။ အိမ်က ပစ္စည်းတွေ ယူလို့မရသေးတဲ့ အခါကျတော့ တော်တော်တော့ အခက်အခဲဖြစ်တာပေါ့။ အခုဆောင်းရာသီလည်း ရောက်လာပြီဆိုတော့ အေးတာချမ်းတာနဲ့။” ဒေသခံက ဆက်လက်ပြောပါတယ်။

ဖုန်းအဆက်အသွယ်ရရှိဖို့ ခက်ခဲတဲ့အပြင် ဆယ်ဇင်းရွာအစပ်မှာရှိတဲ့ ဂိတ်မှာလည်း SNA စစ်ကောင်စီ ပူးပေါင်းတပ်ဘက်က ပြန်ထိုင်ထားတဲ့အတွက် ပြည်သူတွေ ထွက်လို့မရဘဲ ပိတ်မိနေတာလို့ ဆိုပါတယ်။

ရွှေတွင်းအုပ်စုထဲက မှော်ရွာတွေဖြစ်တဲ့ ဝေသာလီနဲ့ အနောက်ကမ်းသာရွာ ၂ ရွာပေါင်း အိမ်ခြေ ၁၀၀ လောက်ရှိပြီးတော့ လူဦးရေ ၆၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here