ဇူလိုင်၊ ၁၅
စစ်ကောင်စီက လာမယ့်ရွေးကောက်ပွဲအတွက် မဲပေးစက်အသုံးပြုနည်း ဆင့်ပွားသင်တန်းတွေကို မြို့နယ်အဆင့်တွေမှာ စလုပ်နေတယ်လို့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ စစ်ကောင်စီထုတ်ထားတဲ့ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်း သင်တန်းကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီသင်တန်းဖွင့်ပွဲကို ဌာနဆိုင်ရာဝန်ထမ်းတွေအပါအဝင် အယောက် ၁၀၀ လောက် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းတွေကိုတော့ ၂ ရက်ကြာပေးမှာဖြစ်ပြီး အပတ်စဉ်အလိုက် ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တုန်းကလည်း မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နဲ့ အမရပူရမြို့နယ်တို့မှာမှာ မဲပေစက်အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ပြုလုပ်ခဲ့ပါသေးတယ်။
အခုလို ဆင့်ပွားသင်တန်းတွေ မတိုင်ခင်တုန်းကတော့ မဲပေးစက်အသုံးပြုနည်း နည်းပြသင်တန်းတွေကို တိုင်းနဲ့ပြည်နယ်အလိုက် စစ်ကောင်စီက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့တုန်းကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မဲပေးစက်အသုံးပြုမယ့် သင်တန်းသားတွေကို ဩဂုတ်လနောက်ဆုံးထားပြီး သင်တန်းပေးဖို့ ပြောဆိုထားတဲ့အပြင် အရန်အဖြစ် ၂ ရာခိုင်နှုန်းကို သင်တန်ပေးထားဖို့ ညွှန်ကြားခဲ့ပါသေးတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်ပြီး ပြည်သူလူထုအနေနဲ့ မပူပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။







