ဖားကန့်မှာ KIA၊KPDF ဂိတ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ ရေသန့်ပို့နေတဲ့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

107

 

ဖေဖော်ဝါရီ၊၂၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာမှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF ရဲ့ ဂိတ်ကို ဒီကနေ့မနက် ၁၁ နာရီလောက်က စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရေသန့်ပို့နေတဲ့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရှရော်ခကျေးရွာ ညောင်ပင်ကုန်းက KIA/KPDF ဂိတ်ကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အချိန် ရေသန့်ပို့နေတဲ့ အမျိုးသားတစ်ဦး ဗုံးစထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KIA နဲ့နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“KIA တွေ ရှိတဲ့အတွက် လာခြောက်တာပေါ့။ အဲဒီမှာ လာပစ်တာ။ ဗုံးက ဂိတ်ဆီမရောက်ဘဲ ကားလမ်းပေါ်မှာကျလို့ ရေသန့်ပို့တဲ့ အမျိုးသားကို ထိသွားတာ။ ”လို့အထက်ပါအမျိုးသားက ပြောပါတယ်။

စစ်ကောင်စီတပ်က ညောင်ပင်ကုန်း KIA/KPDF ဂိတ်ကို ဒရုန်းနဲ့ ဗုံးပစ်ခတ်တဲ့အချိန် ကားနဲ့ရေသန့်လာပို့တဲ့ အမျိုးသားတစ်ဦးကို ထိမှန်ခဲ့ပြီး KIA/KPDF ဘက်မှာတော့ ထိခိုက်မှုမရှိဘူးလို့လည်း ဖားကန့်ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်တလော စစ်ကောင်စီကနေ ဖားကန့်ကျောက်စိမ်းတွင်းဒေသက KIA/KPDF တပ်နဲ့ ဂိတ်တွေမှာ ဒရုန်းနဲ့ပစ်ခတ်တဲ့ရုံတင်မက စစ်ကြောင်းထိုး တိုက်ခိုက်နေတဲ့အပြင် ဖားကန့်တပ်မကုန်းကနေလည်း လက်နက်ကြီးတွေ ပစ်ခတ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း အထက်ပါ KIA/KPDF ဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့ပြီး အခုဒုတိယအကြိမ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ဆန်းကြွယ်ကျေးရွာမှာရှိတဲ့ KIA ဂိတ်ကို ဒီ စစ်ကောင်စီဘက်က သွားရောက်တိုက်ခိုက်ခဲ့ပြီး KIA ဘက်က တစ်ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here