ဧရာဝတီမြစ်အတွင်း အနိမ့်တမံဆောက်ဖို့ စစ်ကောင်စီ စီစဉ်နေ၊ ဦးစားပေး ၄ နေရာ တွေ့ထားပြီလို့ပြော

226
ဓါတ်ပုံ- ဧရာဝတီမြစ် စတင်စီးဆင်းရာ မေခ၊မလိခမြစ်ဆုံနေရာ။

 

ဇန်နဝါရီ၊ ၈

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အမိန့်ကြောင့် ဧရာဝတီမြစ်ထဲမှာ အနိမ့်တမံဆောက်ပြီး လျှပ်စစ်ထုတ်ဖို့ အမြန်ဆုံးဆောင်ရွက်သွားရမယ်လို့ စစ်ကောင်စီရဲ့လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။

မနေ့က ဇန်နဝါရီ ၇ ရက်နေ့၊ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်အစည်းအဝေးမှာ ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက အဲဒီလို ပြောခဲ့တာလို့ ဒီနေ့ထုတ်စစ်ကောင်စီရဲ့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ ဧရာဝတီမြစ်ထဲမှာ အနိမ့်တမံ‌ဆောက်ဖို့ နေရာ ၁၆ နေရာတွေ့ထားပြီး ဦးစားပေး ၄ နေရာရှိထားတယ်လို့ သိရပါတယ်။

အဲဒီ ၄ နေရာထဲက အသင့်တော်ဆုံးနေရာကို အကျိုး၊ အပြစ်တွေနဲ့ ပြန်တင်ပြဖို့ မင်းအောင်လှိုင်က အမိန့်ပေးထားတဲ့အတွက် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရမယ်လို့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောခဲ့တာလို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ ဧရာဝတီမြစ်ထဲမှာ အနိမ့်တမံဆောက်ဖို့ ၂၀၂၃ ခုနှစ်ထဲက စီစဉ်နေတာဖြစ်ပြီး အခုအချိန်မှာတော့ နေရာကိုရွေးချယ်တဲ့အဆင့်ရောက်ရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဧရာဝတီမြစ်ထဲ အနိမ့်တမံဆောက်မယ့် အခြေအနေတွေနဲ့ပတ်သက်တဲ့ ပြည်သူတွေသိသင့်တဲ့ တခြားအသေးစိတ်တွေကိုတော့ အခုထိ မထုတ်ပြန်သေးပါဘူး။

လက်ရှိအချိန်မှာတော့ ရန်ကုန်၊ မန္တလေးလို မြိုကြီးတွေအပါအဝင် မြန်မာနိုင်ငံရဲ့ ဒေသတော်တော်များများကို စစ်ကောင်စီက လျှပ်စစ်စွမ်းအင် အပြည့်အဝ မပေးနိုင်သလို အဲဒီလိုဖြစ်နေကြောင်းကိုလည်း စစ်ကောင်စီရဲ့လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက ဝန်ခံထားပါတယ်။

ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တုန်းကတော့ ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူတွေဟာ ဝိုင်းဝန်းကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ မြစ်ဆုံစီမံကိန်းကို ရေးဆွဲထားတဲ့ အမြင့်ထက်နိမ့်ပြီး ဆောက်လုပ်သွားဖို့ တရုတ်ဘက်က ပြန်လည်ညှိနှိုင်းမှုတွေရှိနေတယ်လို့လည်း စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှာ မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောထားပါတယ်။

ဓါတ်ပုံ- ဧရာဝတီမြစ် စတင်စီးဆင်းရာ မေခ၊မလိခမြစ်ဆုံနေရာ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here