အောက်တိုဘာ၊၁၆
မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ်က အာလမ်ကျေးရွာမှာ ဝင်ရောက်နေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ နှစ်ပတ်ကျော်လာတဲ့အထိ ရွာအတွင်းက ထွက်ခွာသွားတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က အာလမ်ကျေးရွာအတွင်း စစ်ကောင်စီတပ်သား အင်အား ၁၀ ဦးဝန်းကျင်ထက်မနည်း ဝင်ရောက်လာပြီး တိုက်နယ်ဆေးပေးခန်းနဲ့ ကားလမ်းဘေးတစ်လျှောက်က လူမရှိတဲ့ နေအိမ်တွေမှာ ဝင်ရောက်နေထိုင်နေကြတာလို့ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က အထိတော့ မထွက်သေးဘူး ရှိနေသေးတယ်။ အဲဒီလမ်းတစ်လျှောက် သူတို့က ထွက်သွားလိုက်၊ ပြန်လာလိုက် လုပ်နေတာ“ လို့ ပြောပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် မြစ်ကြီးနား-အောင်မြင်သာ လမ်းတစ်လျှောက် စစ်ကောင်စီတပ်သားတွေ လှုပ်ရှားသွားလာမှု မကြာခဏ ပြုလုပ်နေတာလို့ ဆိုပါတယ်။
အထက်ပါ မြစ်ကြီးနားဒေသခံရဲ့ ထပ်မံ ပြောပြချက်အရ အောက်တိုဘာလဆန်းပိုင်းက မြစ်ကြီးနားမြို့ အထက်ဘက်မှာ စစ်ကောင်စီတပ်သားတွေ ကားနဲ့အတက်အဆင်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
“သေချာတွေ့လိုက်တာတော့ နှစ်ခေါက်ရှိပြီ။ ဒါပေမဲ့ မမြင်လိုက်တာ ဘယ်နှစ်စီးရှိမှန်းတော့ မသိဘူး။ သူတို့က တုန်ဖုန်းလို၊ မြေသယ်ကားတွေနဲ့ တက်တယ်ဆိုရင် အထဲမှာ စစ်သားပါလား/မပါလား မတွေ့ရဘူးပေါ့“လို့ ပြောပါတယ်။
နောက်ထပ် ပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ အောက်တိုဘာလ ၇ ရက်နေ့ကလည်း မြစ်ကြီးနား-အောင်မြင်သာ လမ်းတစ်လျှောက် စစ်ကောင်စီတပ်သားအချို့လက်နက်ကိုင်ဆောင်ပြီး သွားလာလှုပ်ရှားနေကြတယ်လို့ သိရပါတယ်။
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ် မှာ စစ်ကောင်စီတပ်သားတွေ စစ်ရေးလှုပ်ရှားမှု များလာတာလို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ကနေ သူလက်လွှတ်လိုက်ရတဲ့ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းက တပ်စခန်းတွေကို ပြန်လည် သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်နေတာဟာ စက်တင်ဘာလကုန်ပိုင်းလောက်ကနေလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်းကလည်း မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ်က နောင်နန်းတိုက်နယ် ဆယ်မိုင်ကျေးရွာဘက် စစ်ကောင်စီတပ်သားတွေ သွားလာလှုပ်ရှားမှု ရှိခဲ့သလို စက်တင်ဘာလအတွင်းမှာလည်း နောင်းနန်းတိုက်နယ်ရဲ့ နေရာအချို့မှာ စစ်ကောင်စီတပ်သားတွေ နေရာယူ စောင့်ကြပ်တာတွေ ရှိခဲ့ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ မြစ်ကြီးနား- ပူတာအိုလမ်း၊ဆွမ်ပရာဘွမ်မြို့က စစ်ကောင်စီ ခလရ ၄၆ ဗျူဟာကုန်းအပြင် တီယန်ဇွပ်ကျေးရွာအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း သုံးခုကိုလည်း သိမ်းပိုက်ထားတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။