အောက်တိုဘာ၊ ၂၇
အွန်လိုင်းလောင်းကစား လိမ်လည်မှုပပျောက်ရေးအတွက် အဲဒီလုပ်ငန်းတွေလုပ်နေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို နှိမ်နင်းဖို့အတွက် ၁၀၂၇ စစ်ဆင်ရေးကို ဟန်ချက်ညီ ပူးပေါင်းဆင်နွှဲလိုက်ပြီလို့ မြောက်ပိုင်းမဟာမိတ်ညီနောင်များအဖွဲ့က ပူးတွဲကြေညာလိုက်ပါတယ်။
ဒါ့အပြင် ကိုယ့်ဒေသကို ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ တော်လှန်ရေးအဖွဲ့အစည်းတွေအပေါ် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုအပေါ် ဟန့်တားနိုင်ရေးနဲ့ မြန်မာပြည်သူတစ်ရပ်လုံးလိုလားတဲ့ စစ်အာဏာရှင်အမြတ်ပြတ်ရေးအတွက် အခုလိုပူးပေါင်းဆင်နွှဲတာလို့ ဆိုပါတယ်။
မြောက်ပိုင်းမဟာမိတ်ညီနောင်များအဖွဲ့ဆိုတာကတော့ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နဲ့ ရက္ခိုင် (ULA/AA) အဖွဲ့အစည်း (၃) ဖွဲ့ဖြစ်ပါတယ်။
ဒီနေ့ပူးတွဲထုတ်ပြန်ချက်မှာတော့ သူတို့သုံးဖွဲ့ဟာ “တစ်ဖွဲ့၏ပြဿနာသည် သုံးဖွဲ့စလုံး၏ ပြဿနာဖြစ်သည်” ဆိုတဲ့ မူဝါဒကိုစွဲကိုင်ပြီး အခုထိပူးပေါင်းဆောင်ရွက်နေတာလို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အခုဆင်နွှဲတဲ့စစ်ဆင်ရေးဟာ ဘယ်ဒေသမှာလည်းဆိုတာကိုတော့ ပူးတွဲထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။
ဒါပေမဲ့ ဒီနေ့မနက်ပိုင်းမှာတော့ ရှမ်းပြည်နယ်အထူးဒေသ(၁) လားရှိုး- ချင်းရွှေဟော်၊ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးတွေကို အရေးပေါ် ပိတ်ပင်လိုက်တယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်ထားပါတယ်။
အဲဒီလမ်းမကြီး ၂ ခုကို ဒီနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစ ပိတ်လိုက်တာဖြစ်ပြီး ဘယ်ယာဉ်တန်းမှ ဖြတ်သန်းသွားလာခွင့်ပြုမှာမဟုတ်ကြောင်းနဲ့ မလိုက်နာဘဲ ဖြတ်သန်းခဲ့ရင် ရန်သူရဲ့ သယ်ယူပို့ဆောင်ယာဉ်အဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရှမ်းမြောက်ဒေသတစ်ခွင်လုံး နေရာစုံမှာ ဒီနေ့မနက် ၄ နာရီကစပြီး မြောက်ပိုင်းမဟာမိတ်တပ်တွေ ထိုးစစ်စတင်နေပြီလို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ သယံဇာတဒဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားပါသေးတယ်။







