လူမှုကွန်ရက်စာမျက်နှာများမှ စစ်ကောင်စီအား ဆန့်ကျင်ဝေဖန်ခြင်းကြောင့် ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိပြီး ကချင်ပြည်နယ်မှ ၂၈ ယောက်ပါဝင်

253

အောက်တိုဘာ၊ ၉

လူမှုကွန်ရက်စာမျက်နှာတွေကနေတဆင့် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်နေတာကြောင့် ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှာ တစ်လကိုပျမ်းမျှ ၆၅ ယောက်လောက် အဖမ်းခံနေရတယ်လို့ Data For Myanmar က ထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်ထိ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်လို့ ဖမ်းခံခဲ့ရတဲ့သူ စုစုပေါင်း ၁၃၁၆ ယောက်ရှိနေပြီး အဲဒီထဲမှာ ကချင်ပြည်နယ်က ၂၈ ယောက် ပါဝင်နေပါတာပါ။

အဲဒီအချက်အလက်တွေကိုတော့ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ပြုစုနေတဲ့ Data For Myanmar က အောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

အဖမ်းခံရသူအများဆုံးကတော့ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းကဖြစ်ပြီး စုစုပေါင်း ၆၀၇ ယောက်ထိ ရှိနေပါတယ်။

အခုအချိန်မှာတော့ စစ်တပ်ကိုထောက်ခံနေတဲ့သူတွေတောင် အင်တာနက်ပေါ်မှာ စစ်ကောင်စီကို လွတ်လွတ်လပ်လပ် မဝေဖန်ရဲဘူးဆိုတဲ့ ရေးသားပြောဆိုမှုတွေလည်း ရှိနေပါတယ်။

နိုင်ငံတွေရဲ့ အင်တာနက်လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ နှစ်စဉ်ထုတ်ပြန်နေတဲ့ အမေရိကန်အခြေစိုက် Freedom House ရဲ့ အောက်တိုဘာလ ၅ ရက်နေ့က ထုတ်ပြန်ချက်အရတော့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာ့အဆိုးဝါးဆုံး အင်တာနက်လွတ်လပ်ခွင့်ဖိနှိပ်တဲ့နိုင်ငံအဖြစ် မှတ်တမ်းဝင်နေပါတယ်။

လူမှုကွန်ရက်စာမျက်နှာကနေ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေ လုပ်ဆောင်မယ်ဆိုရင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) စတဲ့ တည်ဆဲဥပဒေတွေအရ အရေးယူခံရမယ်လို့ စစ်ကောင်စီက ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here