ဩဂုတ်၊၁၆
ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာအုပ်စုမှာ ရောဂါအမည်မသိရဘဲ သေဆုံးသွားတဲ့ ကျွဲ၊ နွား အကောင်ရေ ၂၀၀ အထက် ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လဆန်းကနေစပြီး ဆွမ်ပီယန်နဲ့ အင်ဆီးယန်ရွာတွေမှာ ကျွဲ၊နွား သေဆုံးမှုတွေ တိုးလာခဲ့တာဖြစ်ပြီးတော့ လက်ရှိ အကောင်ရေ ၂၀၀ အထက်ရှိနေပြီလို့ ဆွမ်ပီယန်ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ကျွဲ၊ နွားတွေရဲ့ လည်ပင်း၊ ခြေထောက်တွေမှာ ယောင်တဲ့ လက္ခဏာပြပြီးနောက် သေဆုံးနေကြတာ ဖြစ်တယ်လို့ ဆွမ်ပီယန်ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“တချို့က နားယောင်တာတွေ၊ လည်ပင်းယောင်တဲ့ ဟာတွေ၊ ခြေထောက်ယောင်တာတွေ ဖြစ်ပြီး သေသွားတာ။ သေပြီးချက်ချင်း သွေးတွေထွက်လာတယ်။ ကျောတို့၊ ဗိုက်တို့ကနေ သွေးတွေထွက်တာ။ အများပိုင်း ရေအနီးတွေမှာပဲ သေတာများတယ်”လို့ ဒေသခံက ဆိုပါတယ်။
မိသားစု စားဝတ်နေရေး အတွက် လယ်ယာလုပ်ငန်းတွေနဲ့ ကလေးတွေရဲ့ ကျောင်းထောက်ပံ့စားရိတ်အတွက်ပါ ကျွဲ၊ နွားတွေကို အဓိကထား မွေးမြူနေရတဲ့အတွက် အခုလိုသေဆုံးနေတာကြောင့် မိသားစုအသုံးစရိတ် ပိုမိုခက်ခဲလာမှာကို စိုးရိမ်နေတယ်လို့ အထက်ပါ ဒေသခံက ဆက်လက်ပြောပါတယ်။
“တိရိစ္ဆာန်မှာကပ်တဲ့ရောဂါ လူတွေဆီ ကူးမှာလည်း စိုးတယ်။ ကျွဲ၊ နွားနဲ့ပဲ အသက်မွေးဝမ်းကြောင်းလုပ်တယ်။ ရောင်းပြီး ကလေးတွေရဲ့ ပညာရေးထောက်ပံ့တာ။ မိသားစု အခက်အခဲရော အရမ်းခက်ခဲလာမယ်” လို့လည်း ဒေသခံက အခက်အခဲကို ရှင်းပြပါတယ်။
အခုလို ကျွဲ၊ နွား ဖျားနာမှုတွေကြောင့် သက်ဆိုင်ရာကနေ ဩဂုတ်လဆန်းက ကာကွယ်ဆေးတွေပေးထားတဲ့အတွက် အနာကျနေတဲ့ ကျွဲ၊ နွားတွေ ရှိသေးပေမဲ့ အနည်းငယ် သက်သာပျောက်ကင်း လာနေပြီလို့လည်း သိရပါတယ်။
ဒါ့အပြင် ဆွမ်ပီယန်ကျေးရွာအနီးက လုံရှာယန်ကျေးရွာဘက်မှာလည်း အနာကပ်ပြီး ပိုးကျနေတဲ့ နွားတွေ ရှိနေတယ်လို့လည်း လုံရှာယန်ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဆွမ်ပီယန်ကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့အပြင် အင်ဆီးယန်ရွာမှာတော့ အိမ်ခြေ ၄၀ ကျော်လောက်ရှိပြီး အဲဒီကျေးရွာ နှစ်ရွာမှာ အိမ်ခြေတိုင်းလိုလို ကျွဲ၊ နွားမွေးမြူကြတယ်လို့လည်း သိရပါတယ်။







