မုန်လိုင်ခက်စစ်ရှောင်ပြည်သူများ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေ

356

 

အောက်တိုဘာ၊၁၇

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်ခံရပြီးနောက် တိမ်းရှောင်နေရတဲ့ မုန်လိုင်ခက်စစ်ရှောင်စခန်းက ပြည်သူတွေအတွက် အဝတ်အထည်၊အသုံးအဆောင်နဲ့ ခြင်ထောင်တွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

မုန်လိုင်ခက် စစ်ရှောင်ပြည်သူတွေကို ကူညီပေးတဲ့ အဖွဲ့အစည်းတွေရှိပေမဲ့ အဝတ်အထည်အသုံးအဆောင်တွေ လိုအပ်နေသေးတာဖြစ်ပြီး အရေးပေါ် အနေနဲ့ ခြင်ထောင်တွေ လိုအပ်နေတာလို့ မုန်လိုင်ခက်စစ်ရှောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ခြင်တွေလည်း အရမ်းရှိတယ်။ ဒီမှာက တုပ်ကွေးတွေလည်း အရမ်းဖြစ်နေကြတော့ ခြင်ထောင်ပဲ အခုပိုလိုအပ်နေတာပေါ့”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ ဗုံးကြဲခံခဲရတဲ့အတွက် အိမ်သုံးပစ္စည်း၊လူအသုံးအဆောင် အားလုံးပျက်စီးသွားတာကြောင့် မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ လူသုံးအဆောင်တွေ လိုအပ်နေတာပါ၊

“ကူညီပေးတာတွေက ကောင်းကောင်းသုံးရပါတယ်။ ပြောရမယ်ဆိုရင် များတယ် မများဘူးဆိုတာထက် ဆုံးရှုံးသွားတာတွေကြည့်ရရင် အရင်ကလောက်တော့ မဟုတ်ဘူးလေ။” လို့လည်း အထက်ပါ အမျိုးသားက ပြောပါတယ်။

ဗုံးကြဲခံလိုက်ရတာကြောင့် တိမ်းရှောင်ခဲ့ရတဲ့ မုန်လိုင်ခက်စခန်းက ပြည်သူတွေဟာ လက်ရှိမှာတော့ လိုင်ဇာမြို့တွင်းက ဆွေမျိုးအိမ်တွေ၊ ဝေကြိုင်စစ်ရှောင်စခန်းနဲ့ ဘုရားကျောင်းဝင်းတွေမှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က KIO ဗဟိုဌာနချုပ်အနီးမှာရှိတဲ့ မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်တွေ ပျက်စီးသွားတဲ့အပြင် စစ်ရှောင်ပြည်သူ ၂၉ ယောက်သေဆုံးခဲ့ ပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here