အောက်တိုဘာ၊၁၂
ပြီးခဲ့တဲ့ သုံးလတာအတွင်း အမျိုးသမီးသေဆုံးသူဦးရေ အယောက် ၆၀ နီးပါး ရှိခဲ့တယ်လို့ အမျိုးသမီးများဆိုင်ရာ သတင်းသုံးသပ်ချက်စာတမ်းကို မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်လာပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ အချက်အလက်တွေအပေါ် အခြေခံပြီးတော့ အမျိုးသမီးသမဂ္ဂရဲ့ စာရင်းပြုစုချက်အရ ၂၀၂၃ ခုနှစ် ဇူလိုင်လ ကနေ စက်တင်ဘာလ ၂၈ ရက်နေ့အထိ အဲဒီသုံးလတာအတွင်း နည်းလမ်းအမျိုးမျိုးနဲ့ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသမီးဦးရေ ၅၆ ဦးရှိတယ်လို့ ထုတ်ပြန်လာတာပါ။
သေဆုံးခဲ့တဲ့ အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် (၆) ဦး၊ လက်နက်ကြီးပေါက်ကွဲမှုကြောင့် အယောက်(၃၀)၊ ဖမ်းဆီးသတ်ဖြတ်ခံရသူ (၁) ဦး၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့သူ (၃) ဦးနဲ့ ပစ်သတ်ခံရသူ (၁၃) ဦးအပါအဝင် မုဒိမ်းကျင့် သတ်ဖြတ်ခံရသူ (၁) ဦးနဲ့ ရိုက်နှက်ခံရပြီး သေဆုံးတဲ့သူ (၂) ဦးတို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူလူထုတွေကို နည်းလမ်းမျိုးစုံနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အထဲ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်တာတွေအပြင် သေဆုံးတဲ့အမျိုးသမီးရဲ့ မအင်္ဂါထဲကို အရာဝတ္တုတွေ ထိုးသွင်းတဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေကို စဉ်ဆက်မပြတ် ဆက်တိုက်ကျူးလွန်နေကြောင်းလည်း ပါရှိပါတယ်။
မတည်ငြိမ်တဲ့ အခြေအနေကြား ကုန်စည်ဈေးနှုန်းမြင့်တက်မှုတွေကြောင့်လည်း စားဝတ်နေရေး လိုအပ်ချက်အတွက် ပြည်သူလူထုတွေ ခက်ခက်ခဲခဲ ရုန်းကန်ရှာဖွေနေကြရပြီး တချို့အမျိုးသမီးတွေဆိုရင် မိသားစုစားဝတ်နေရေး ဖြေရှင်းနိုင်ဖို့အတွက် သူတို့ မြတ်နိုးတန်ဖိုးထားတဲ့ ဆံသားတွေကိုပါ ဖြတ်တောက်ရောင်းချတာတွေထိ ခက်ခဲတဲ့အခြေအနေတွေကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြောင်း သုံးသပ်ပြောဆိုထားပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာ စစ်ဘေးရှောင်ဦးရေ အဆမတန်တိုးလာနေပေမဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အကန့်အသတ်နဲ့ပဲ ရရှိတဲ့အပြင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်တွေလည်း ကိုယ်ဝန်ပျက်ကျတဲ့ အခြေအနေတွေ ကြုံတွေ့နေရပြီး စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာဖူလုံရေးနဲ့ ဆေးဝါးလက်လှမ်းမီနိုင်ရေးတွေ လိုအပ်နေကြောင်းလည်း ဆိုထားပါတယ်။







