စစ်ဘေးရှောင် နမ်ဆန်ယန်ကျောင်းသူကျောင်းသားများ ပညာသင်ခွင့် ဆုံးရှုံးရတော့မည့် အခြေအနေနှင့် ကြုံတွေ့နေ

346

ဇူလိုင်၊၁၂

နမ်ဆန်ယန်ကျေးရွာကနေ စစ်ဘေးတိမ်းရှောင်လာကြတဲ့ ကျောင်းသူကျောင်းသားတွေ ပညာသင်ခွင့် ဆုံးရှုံးရတော့မယ့် အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

လက်ရှိ တိမ်းရှောင်ခိုလှုံနေတဲ့နေရာတွေဟာ အတည်တကျ မဖြစ်သေးတာကြောင့် မူလတန်းကြိုအဆင့်ကနေ နဝမတန်းအထိ ကျောင်းတက်နေကြတဲ့ ကျောင်းသူကျောင်းသား အယောက် ၁၀၀ လောက် ကျောင်းဆက်တက်နိုင်ရေး မရေမရာဖြစ်နေတယ်လို့ ကျောင်းသား

မိခင်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အခုက နောက်ကျသွားပြီဆိုတော့ မှတ်ဉာဏ်မကောင်းတဲ့ သူတွေက လိုက်မီဖို့ အရမ်းခက်နေတယ်။ ကလေးတွေကလည်း ဒီမှာ(တိမ်းရှောင်သည့်နေရာ) ကျောင်းတက်ရင် စာကလိုက်မမီတော့ဘူးဆိုတော့ တက်ရမလိုလို မတတ်ရမလိုလို အဲဒီလိုအခြေအနေနဲ့ ကြုံနေရတယ်”လို့ အထက်ပါ ကျောင်းသားမိခင်က လက်ရှိအခြေအနေကို ရှင်းပြပါတယ်။

၂၀၁၁ ခုနှစ် တစ်ကျော့ပြန်စစ်ပွဲကြောင့် တိမ်းရှောင်ခဲ့ရာကနေ ၈ နှစ်အကြာမှာ နေရပ်ပြန်လာကြချိန် ကျပ်သိန်း ၈၀၀ ကျော်ကုန်ကျခံပြီးတော့ ကျောင်းပြုပြင်မွမ်းမံတာ၊ အဆောင်သစ် ပြန်လည်ဆောက်လုပ်တာတွေ ပြုလုပ်ခဲ့ပေမဲ့ အခုလို နောက်တစ်ကြိမ် တိမ်းရှောင်ရတာကြောင့် ၄ နှစ်လောက်ပဲ ကျောင်းတက်ခွင့် ရခဲ့ကြတာဖြစ်ပါတယ်။

စစ်ဒဏ်ကြောင့် တခြားဒေသတွေနဲ့ ယှဉ်ရင် ပညာရေး၊ဖွံ့ဖြိုးရေး၊ လူမှုရေး အဖက်ဖက်မှာ နောက်ကျနေတဲ့ အခြေအနေကို ရောက်ရှိနေရပြီလို့ တိမ်းရှောင်နေတဲ့ နမ်ဆန်ယန်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“မြန်မြန်ငြိမ်းချမ်းရင်တော့ ကလေးတွေလည်း ဟိုမှာ(နမ်ဆန်ယန်ရွာ)

အေးအေးချမ်းချမ်းနဲ့ ကျောင်းတက်နိုင်ဖို့ ပိုပြီးမျှော်လင့်တယ်။”လို့ ဒေသခံအမျိုးသမီးက ဆိုပါတယ်။

အခုနှစ် ပညာသင်နှစ်မှာတော့ နမ်ဆန်ယန်ကျေးရွာအတွင်းမှာရှိတဲ့ အလယ်တန်းကျောင်းခွဲမှာ ပညာသင်ကြားနေရင်း တစ်လလောက် အကြာမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ စစ်ကောင်စီတို့ ဇူလိုင်လ ၃ ရက်နေ့ကနေ တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် တချို့က ကျေးရွာနဲ့ အနီးဆုံးဖြစ်တဲ့ KIA ထိန်းချုပ်ဧရိယာထဲကို တိမ်းရှောင်သွားကြပြီး တချို့ကတော့ နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းတွေဆီမှာ သွားရောက်နေထိုင်ကြတဲ့အပြင် ဝိုင်းမော်မြို့နဲ့ ကဇူးယန်ကျေးရွာဘက်လည်း ခိုလှုံနေကြရပါတယ်။

ဝိုင်းမော်-လိုင်ဇာလမ်းမပေါ်က နမ်ဆန်ယန်ကျေးရွာဒေသခံတွေဟာ ၂၀၁၁ ခုနှစ်က KIA နဲ့ မြန်မာစစ်တပ်တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရာကနေ ၂၀၁၈ ခုနှစ်က မိမိနေရပ်မှာ ပြန်လည်နေထိုင်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ဇူလိုင် ပထမအပတ်က စစ်ကောင်စီကနေ နမ်ဆန်ယန်ကျေးရွာဘက်ကို စစ်ကြောင်းထိုးဖို့ ပြန်လည် ပြုလုပ်လာတာကြောင့် ဒုတိယအကြိမ် ထပ်မံတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here