ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီးထားတဲ့သူ ၁၀၀ နီးပါးရှိလာ

1

 

နိုဝင်ဘာ၊ ၄

ရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးအမှုဖွင့်ထားတဲ့သူ ၁၀၀ နီးပါးရှိလာပြီလို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့အထိတော့ အမျိုးသား ၈၃ ယောက်နဲ့ အမျိုးသမီး ၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က အဲဒီနေ့မှာ ပြောဆိုထားပါတယ်။

အဲဒီနောက် ဒီနေ့ထုတ်သတင်းစာတွေမှာ ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံရတဲ့သူ ၇ ယောက် အကြောင်းကို စစ်အုပ်စုက ထပ်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ၇ ယောက်ထဲမှာတော့ နိုဝင်ဘာလထဲမှာ အမှုဖွင့်ပြီး အဖမ်းခံရတဲ့သူ ၄ ယောက် ထပ်တိုးလာတာကြောင့် စုစုပေါင်းရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းခံရတဲ့သူ ၉၂ ယောက်ထိ ရှိလာတာပါ။

အဲဒီထဲမှာ နိုဝင်ဘာ ၂ ရက်နေ့က ဖမ်းခံရတဲ့သူ ၂ ယောက်ထဲက တစ်ယောက်ကတော့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ယောက် ဖြစ်ပါတယ်။

စစ်အုပ်စုဟာ လွတ်လပ်ပြီးမျှတဲ့ရွေးကောက်ပွဲလုပ်မယ်လို့ ပြောထားပေမဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြောဆိုနေသူတွေကိုသာမက ပြောဆိုမှုမရှိတဲ့သူတွေကိုပါ ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်တရားစွဲဆိုနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ခေတ်အခြေအနေမတူခဲ့တဲ့ ၁၉၄၇ ခုနှစ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ “ရွေးကောက်ပွဲ ဖျက်မယ်ဆိုတဲ့လူတွေကိုတော့ ကျုပ်တို့အစိုးရကလည်း ဒီတိုင်းကြည့်နေမှာမဟုတ်ဘူး” ဆိုတဲ့ စကားကိုလည်း နေ့စဉ်ရက်ဆက် ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြနေပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews ကတော့ စစ်အုပ်စုလုပ်မယ့်ရွေးကောက်ပွဲဟာ အတုအယောင်၊ အလိမ်အညာသာဖြစ်တယ်လို့ ထုတ်ပြောထားပါတယ်။

ဒါ့အပြင်တော်လှန်ရေးအင်အားစုတွေကလည်း စစ်အုပ်စုလုပ်မယ့်ရွေးကောက်ပွဲကို ကန့်ကွက်ထာပြီး နိုင်ငံတကာအနေနဲ့လည်း အဲဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ထုတ်ဖော်ပြောဆိုထားကြပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here