အောက်တိုဘာ၊၁၅
ကချင်အထူးဒေသ(၁)၊ ပန်ဝါမြို့အနီး၊ လုပြည်ကျေးရွာမှာရှိတဲ့ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ် (BGF) ကို မနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပေမဲ့ အပြီးသတ်အလုံးစုံ ထိန်းချုပ်နိုင်ရေး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ရတော့ရပြီဖြစ်ပေမဲ့ အားလုံးအပြီးအစီး မဖြစ်သေးဘူး။ တိုက်ခိုက်နေကြဆဲဖြစ်တယ်။ Cleaning (ရှင်းလင်းရေး) ဝင်တာ။ နယ်မြေရှင်းလင်းရေးတွေ လုပ်ရဦးမယ်လေ။” လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
စစ်ကောင်စီက နေ့စဉ်ဆိုသလို လေကြောင်းနဲ့တိုက်ခိုက်နေတဲ့ကြားက မနေ့ညနေ ၅ နာရီဝန်းကျင်လောက်မှာ KIA ပူးပေါင်းတပ်တွေက ရရှိခဲ့တာလို့ ပန်ဝါမြို့ဘက်တိမ်းရှောင်နေတဲ့ ပြည်သူတွေဆီကလည်း ကြားသိရပါတယ်။
မနေ့က ၁၀၀၂ တပ်ကို သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီက ညအချိန်မှာ လေကြာင်းနဲ့ ပြန်လည်တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ပန်ဝါဒေသကို ရောက်ရှိနေတဲ့ ပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပန်ဝါဒေသဟာ မြေရှားသတ္တုအများဆုံး တူးဖော်လုပ်ကိုင်နေတဲ့ ဒေသတစ်ခုဖြစ်ပြီး ကချင်အထူးဒေသ(၁)ရဲ့ ၁၀၀၂ တပ်ရှိရာနေရာတစ်ခုလည်း ဖြစ်သလို ရုံးချုပ်အခြေစိုက်ရာ နေရာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ကစပြီး ချီဖွေမြို့နဲ့ ဆော့လော်မြို့အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက််််််််ခဲ့တဲ့အချိန် အောက်တိုဘာလ ၁ ရက်နေ့မှာ ချီဖွေမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အောက်တိုဘာလ ၂ ရက်နေ့မှာတော့ ဆော့လော်မြို့ကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီး ပန်ဝါမြို့ဘက်ကို တိုက်ပွဲတွေ ဆင်နွှဲလာတာပါ။
ကချင်နယ်ခြားစောင့်တပ်(NDAK) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း ဦးဆောင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာအနီးမှာ တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးမှာ ၁၀၀၂၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့အနီး ဝေါ်ချုံးဒေသမှာ ၁၀၀၃ ဆိုပြီးတော့ တပ်ရင်း ၃ ရင်း ဖွဲ့စည်းနေရာချထားတာဖြစ်ပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။
အခုချိန်မှာတော့ ဝိုင်းမော်မြို့ကလွဲပြီး မြို့အရှေ့ဘက် (ဝိုင်းမော်- ချီဖွေလမ်းတစ်လျှောက်)နဲ့ ချီဖွေမြို့နဲ့ ဆော့လော်မြို့ကတော့ KIO/KIA ရဲ့ ထိန်းချုပ်ဧရိယာအတွင်းမှာ ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ အထက်ပါ မြို့ ၂ မြို့အပြင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၊ မြစ်ကြီးနားမြို့နယ်အတွင်းက အင်ဂျန်းယန်မြို့၊ ဆင်ဘိုမြို့နဲ့ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ တရုတ်နယ်စပ် လွယ်ဂျယ်မြို့တို့ကိုပါ သိမ်းယူထားပါတယ်။







