ဒီဇင်ဘာ၊ ၁၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ မြို့သစ်ရပ်ကွက်က စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေရဲ့ စခန်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီစခန်းကနေ လက်နက် အလက် ၆၀ ၊ လက်နက်ကြီးနဲ့ စစ်သုံးဆောင်ပစ္စည်းတွေအပြင် စစ်သုံ့ပန်း ၇ ယောက်ကိုပါ ဖမ်းနိုင်ခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ပူးတွဲထုတ်ပြန်ထားတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ထဲက စစ်ကောင်စီရဲ့ ခိုမုန်းတပ်စခန်းကို ဝင်ရောက်ရှင်းလင်းတဲ့အချိန် အဲဒီစခန်းကနေ ၆၀ မမ လက်နက်ကြီး၊ လက်နက် (၆ လက်)၊ ခဲယမ်းနဲ့ စစ်သုံးပစ္စည်းတွေကို သိမ်းဆည်ရမိခဲ့တယ်လို့ TNLA က ဆိုပါတယ်။ထုတ်ပြန်ထားတဲ့ပုံတွေအရ လက်နက်ကြီးကျည်ဆံ အများအပြားနဲ သောင်းနဲ့ချီတဲ့ ကျည်ဆံတွေကိုလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးစခန်း (၄) ခုကို TNLA နဲ့ MDY-PDF တို့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ရာနဲ့ချီ သိမ်းဆည်းနိုင်ခဲ့တဲ့အကြောင်း ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လားရှိုးမြို့နယ်ထဲမှာရှိတဲ့ မိုင်းကျက် စစ်ကောင်စီတပ်စခန်းကို တစ်လနီးပါးကြာ တိုက်ခိုက်ပြီးတဲ့နောက် နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာ သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းသေတ္တာ ၁၀၀ ကျော်နဲ့ လက်နက်ပေါင်း ၈၀ လောက်ကိုလည်း သိမ်းဆည်းခဲ့တဲ့အကြောင်း TNLA က ထုတ်ပြန်ခဲ့ပါသေးတယ်။
ဒီစခန်း ၄ ခုသိမ်းပွဲကနေပဲ TNLA ဟာ စစ်တပ်ရဲ့ လက်နက်ပေါင်း ၂၄၀ ကျော်နဲ့ ကျည်ဆံသောင်းချီ၊ အမြောက်ကျည်ရာချီကို သိမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာလည်း နမ့်ဆန်မြို့ရဲစခန်း၊ နမ့်ဆန်မြို့နယ်ထဲက စစ်ကောင်စီရဲ့ ပတ္တမြားတောင်စေတီ (ကောင်းမူဆိုင်) စခန်းကိုသိမ်းနိုင်ခဲ့ပြီး မနေ့က ညနေပိုင်းမှာတော့ အဲဒီမြို့နယ်ထဲမှာရှိတဲ့ နမ့်ခေးရွာက ကဒိုင်းဖူးတောင်တပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကဒိုင်းဖူးတောင် စခန်းကနေတော့ လက်နက် ၁၉ လက်၊ ၆၀ မမ နဲ့ ၈၀ မမ လက်နက်ကြီးတွေအပြင် စစ်သုံးပစ္စည်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နမ့်ဆန်မြို့ရဲစခန်းနဲ့ ပတ္တမြားတောင်စေတီစခန်းတိုက်ပွဲရဲ့ နောက်ဆက်တွဲအချက်အလက်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။
နမ့်ဆန်မြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-လားရှိုးလမ်းရဲ့ အတွင်းဘက်မှာရှိပြီး သီပေါနဲ့ ကျောက်မဲမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ မြို့ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကောင်စီဘက်က စခန်းပေါင်း ၂၀၀ ကျော် ဆုံးရှုံးထားပြီး တော်လှန်ရေးအင်အားစုတွေဘက်က သိမ်းမိတဲ့ လက်နက်အရေအတွက် စာရင်းတွေကိုတော့ အတိအကျမသိရသေးပါဘူး။







