စက်တင်ဘာ၊ ၂၉
လူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတောင်ဆိုတဲ့ မြန်မာအရေး နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ဆီ လွှဲပြောင်းပေးဖို့ ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထောက်ခံလိုက်ပါတယ်။
စက်တင်ဘာ (၂၆) ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့မှာ မဟာမင်းကြီးပြောခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက စက်တင်ဘာလ (၂၇) ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။
အဲဒီထုတ်ပြန်ချက်မှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အသစ်မှာ မြန်မာအရေးကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ဆီ လွှဲပြောင်းပေးဖို့ ကိစ္စပါဝင်ရမှာဖြစ်သလို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လစ်လျူရှုနေတဲ့ စစ်ကောင်စီအပေါ် တာဝန်ခံမှုဖြစ်အောင် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၂၁) ရက်နေ့က သမိုင်းဝင်ပထမဆုံး ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ချမှတ်ခဲ့ဖူးပါတယ်။
အဲဒီဆုံးဖြတ်ချက်တွေကတော့ စစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေချက်ချင်းရပ်ဖို့၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို လေးစားလိုက်နာဖို့၊ လူသားချင်းစာနာမှုတွေကို အတားအဆီးမရှိ ခွင့်ပြုပေးဖို့၊ ဖမ်းဆီးထားတဲ့သူတွေကို ချက်ချင်းလွှတ်ဖို့နဲ့ လူနည်းစုအခွင့်အရေးကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ဖူးပါတယ်။
NUG ကတော့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို တစ်နှစ်နီးပါးကြာလာတဲ့အထိ စစ်တပ်ကလျစ်လျူရှုနေတာကြောင့် အဲဒီကိစ္စအပေါ် စစ်တပ်ကတာဝန်ခံမှုဖြစ်အောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အသစ်က လုပ်ဆောင်ရမယ်လို့ တိုက်တွန်းထားတာပါ။
ဒါ့အပြင် မြန်မာနိုင်ငံက ကုလသမဂ္ဂဌာနတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းဟာ စစ်တပ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်နေတယ်ဆိုပြီး ကောက်ချက်ချခံရမယ့် အန္တရာယ်ရှိနေတယ်လို့လည်း NUG က မနေ့ထုတ်ပြန်ခဲ့တဲ့ထဲမှာ သတိပေးထားပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစည်းအဝေး ဘယ်နေ့ပြုလုပ်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာ (၂၆) ရက်နေ့ ကုလလူ့အခွင့်အရေးအစည်းအဝေးမှာ လူအခွင့်အရေးဆိုင်ရာမဟာမင်းကြီး တင်ပြတောင်းဆိုခဲ့တာတွေကတော့ စစ်တပ်က ဆက်တိုက်ကျူးလွန်နေတဲ့ လူမဆန်တဲ့ရာဇဝတ်မှုတွေအကြောင်းနဲ့ အဲဒါတွေကို အမြန်ဆုံးရပ်တန့်ဖို့ လိုအပ်နေပြီဆိုတာတွေပဲ ဖြစ်ပါတယ်။







