လိုင်ဇာရေကြီးမှုအတွင်း နေအိမ်ပေါင်း ၁၁၀ ကျော်ထိခိုက်ပျက်စီးပြီး သေဆုံးသူတွေလည်းရှိ

76
လိုင်ဇာရေကြီးမှုအတွင်း နေအိမ်ပေါင်း ၁၁၀ ကျော်ထိခိုက်ပျက်စီး

 

ဩဂုတ်၊၅

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့အနီးတစ်ဝိုက် ရေကြီးရေလျှံမှုအတွင်း စစ်ရှောင်ပြည်သူတွေနဲ့ ချောင်းအနီးတစ်လျှောက်က ဒေသခံပြည်သူတွေရဲ့ နေအိမ် အလုံး ၁၁၀ ကျော်ပျက်စီးခဲ့ပြီး သေဆုံးသူတွေလည်းရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ စာရင်းတွေအရ ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေဟာ ဖွမ်မိုင်ယန်ရွာက နေအိမ် ၁၅ လုံး၊ ဖွမ်လွမ်ယန် စစ်ရှောင်စခန်းက နေအိမ် ၅ လုံးအထက်နဲ့ ဂျေယန်း(Je Yang) စစ်ရှောင်စခန်းက နေအိမ် ၉၆ လုံး ထိခိုက်ပျက်စီးသွားပြီး အခြားထိခိုက်ပျက်စီးသွားတဲ့ နေအိမ်စာရင်းတွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးဌာန ရုပ်သံကနေ တစ်ဆင့် သိရှိရတာပါ။

မနေ့ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၂ နာရီကျော်အချိန်လောက်ကနေ မိုးသည်းထန်လာတဲ့အတွက် ဂျေယန်းချောင်း ရေကြီးလာပြီး ချောင်းအနီးမှာရှိတဲ့ စစ်ရှောင်စခန်းတွေနဲ့ ရွာတွေမှာ ရေဘေးသင့်ခဲ့တာပါ။

ရေဘေးသင့်ခဲ့တဲ့ ရွာတွေကတော့ ဖွမ်မိုင်ယန်၊ ဆွတ်မူအောင်၊ ဖွမ်လွမ်ယန်၊ ဂျေယန်း စစ်ရှောင်စခန်းအပြင် ဂျာထူကောင်၊ မုန်းဆိုင်ယန်ရွာတွေ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ၊ ကား၊ ဆိုင်ကယ်တွေပါ ရေထဲ မျောပါသွားတာ ရှိသလို လူမျောပါသွားတာပါ ရှိတယ်လို့ ဆိုပါတယ်။

ရေကြီးမှုအတွင်း ဖွန်လွမ်ယန် ကျောက်ခွဲစခန်းက လူသုံးဦး ကားနဲ့အတူ မျောပါသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မုန်းဆိုင်ယန် ဂေါက်ကွင်းစောင့်လူသုံးဦး မျောပါသွားတဲ့အထဲတစ်ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိပြီ ဖြစ်ပေမဲ့ အသက်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကိုတော့ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

လက်ရှိအချန်မှာတော့ ရေဘေးသင့် စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေ လုံခြုံတဲ့ နေရာတွေမှာ ရွှေ့ပြောင်းခိုလှုံနေပြီလို့ ထပ်မံသိရှိရပါတယ်။

လိုင်ဇာမြို့နဲ့ မုန်းဆိုင်ယန်ရွာကို ဆက်သွယ်ထားတဲ့ မုန်လိုင်ချောင်းတံတားဟာလည်း မုန်လိုင်ချောင်း ရေကြီးလာတာကြောင့် ရေနစ်မြုပ်သွားခဲ့ပြီး ချောင်းအနီး ရပ်နားထားတဲ့ ကားအကြီး၊ ဘက်ဟိုးတွေလည်း သဲထဲ နစ်မြုပ်သွားတာ ရှိတယ်လို့ ပြောပါတယ်။

ချောင်းအနီးအနားက ဓာတ်တိုင်တွေလည်း လဲကျပျက်စီးခဲ့တဲ့အတွက် လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပြီး ဒေသခံပြည်သူတွေ လျှပ်စစ်မီး ပြတ်တောက်နေတဲ့အတွက် အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here