တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က နန့်ယားကျေးရွာတွင် ခရီးသည်နှင့် ကားများအား ဖြတ်သန်းခွင့်မပြု

348

 

မေ၊၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနား- ဖားကန့်လမ်းပေါ်မှာရှိတဲ့ တံတားညီနောင်နဲ့ ခွန်ဆိုင်ဇွပ် ကျေးရွာအနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နန့်ယားကျေးရွာမှာ ခရီးသည်တွေနဲ့ ကားတွေကို စစ်ကောင်စီက ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထားပါတယ်။

မနေ့ မေလ ၁၄ ရက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီစစ်ကြောင်းတွေ တောထဲက ထွက်လာတာ မရှိသေးတဲ့အတွက် ကားလမ်းပိတ်ထားတာ ဖြစ်တယ်လို့ နန့်ယားကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“မနေ့ည လေးနာရီလောက်ကနေ ပထမပိုင်း လွှတ်လိုက်တယ်။ လွှတ်လိုက်ပြီးမှ အထက်ဘက်မှာ စစ်ဖြစ်တာနေမှာပေါ့။ အဲဒါနဲ့ အကုန်ပြန်ဆင်းလာတာ။ ထမင်းဆိုင်တွေမှာ ကားတွအပြည့်၊ အခုရော ကားလမ်းမဖွင့်သေးဘူး ”လို့ အထက်ပါဒေသခံအမျိုးသမီးက ပြောပါတယ်။

ခရီးသည်နဲ့ကားသမားတွေဟာ နန့်ယားကျေးရွာမှာပဲ တည်းခိုပြီးတော့ လမ်းဖွင့်မယ့်အချိန်ကို စောင့်နေကြပြီး ထမင်းဆိုင်တစ်ဆိုင်မှာ ကားအစီးဆယ်စီးလောက် ရှိတယ်လို့လည်း ပြောပါတယ်။

ဖားကန့်မြို့ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မနေ့မနက်ပိုင်းက ခွန်ဆိုင်ဇွပ်ကျေးရွာ အနောက်မှာ KIA ကနေ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖားကန့်ဒေသမှာ စစ်ကောင်စီစစ်ကြောင်းတွေ မကြာခဏ KIA/PDFတို့ရဲ့ ကြားဖြတ်တိုက်ခိုက်တာကို ခံနေရတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here