မြစ်ကြီးနားအကျဉ်းထောင် အပါအဝင် နိုင်ငံတစ်ဝှမ်းက အကျဉ်းထောင်အသီးသီးကို ထောင်ဝင်စာ(ပစ္စည်းပေးပို့ခွင့်) ကန့်သတ်ထားခြင်းကြောင့် အကျဉ်းသားများ စာရေးသောက်ရေးခက်ခဲ

294

 

စက်တင်ဘာ၊၂၅

မြစ်ကြီးနားအကျဉ်းထောင် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အကျဉ်းထောင် အသီးသီးမှာ ထောင်ဝင်စာ ပစ္စည်းပေးပို့ခွင့် အရေအတွက် ကန့်သတ်လိုက်တာကြောင့် အကျဉ်းသားတွေ စားရေးသောက်ရေးခက်ခဲနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (Political Prisoners Network- Myanmar)က သိရပါတယ်။

အကျဉ်းကျခံနေသူရတွေကို ပေးပို့မယ့် အစားအသောက်တွေ လျော့ချကန့်သတ်လိုက်တာဖြစ်ပြီး အနည်းအကျဉ်းသာ ရရှိတော့တာကြောင့် အကျဉ်းသားတွေခက်ခဲနေတာလို့ အထက်ပါကွန်ရက်ရဲ့ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

” အကျဉ်းထောင်တော်တော်များများမှာ အခုညွှန်ကြားချက်လို့ ကြားတယ်။ ကော်ဖီဆို ၇ ထုပ် ခေါက်ဆွဲ ၆ ထုပ်၊ ငပိကြော် ၂၀ သား၊ ဟင်းဆိုလည်း ၅၀ ကျပ်သား မုန့်တစ်မျိုး အသီးတစ်မျိုးပဲရတော့မယ်လို့ ကန့်သတ်လာတယ်။ ပိုလာရင် မိသားစုတွေကို ပြန်ထည့်ပေးလိုက်တယ်။ ” လို့ ဦးသိုက်ထွန်းဦးက ဆိုပါတယ်။

အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ်အဖြစ် စစ်ဗိုလ်ချုပ်ဟောင်း မျိုးဆွေကို စစ်ကောင်စီကနေ ခန့်အပ်လိုက်ပြီးနောက် အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်ခံရမှု သိသိသာသာ များပြားလာတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာပေးပို့ဖို့ ကူညီနေသူတွေဆီက သိရပါတယ်။

ဖိနှိပ်မှုများစွာထဲက ထောင်ဝင်စာပေးပို့ခွင့် ပမာဏကို ကန့်သတ်လိုက်တာကလည်း အကျဉ်းသားတွေကိုသာမက မိသားစုဝင်တွေကိုပါ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာအရ ဖိနှိပ်ဖို့ပြုလုပ်‌တာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (Political Prisoners Network- Myanmar) က စက်တင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အကျဉ်းထောင်တွေမှာ အစားအသောက်ကို တစ်ပတ် (၁၄)နပ်စာအတွင်း အသားဟင်းလေးတုံးသာ ရရှိတာဖြစ်ပြီး တစ်ခြားလိုအပ်တဲ့ နေ့ရက်တွေမှာ စားသောက်နိုင်ဖို့ မိသားစုတွေ ဆီကပေးပို့လာတဲ့ ထောင်ဝင်စာတွေ အပေါ် မှီခုစားသောက်နေရာတာဖြစ်တယ်လို့လည်း သိရပါတယ်။

” အရင်က ကျန်ကျောင်းအိတ် တစ်အိပ်စာတောင် ပို့လို့ရတာ။ ၈ လပိုင်းမတိုင်ခင်ကဆို ကော်ဖီမစ်တစ်ပါကင် ယမ်ယမ်ချဉ်စပ်ဆို တစ်ပါကင် နှစ်ပါကင်ထိတောင် ရတာရှိတယ်။ အနည်ဆုံး ကော်ဖီကတော့ ပို့ခွင့်ရပါတယ် “ လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပင်ပန်းအောင် ဖိနှိပ်လိုတဲ့သဘောနဲ့ ကန့်သတ်တာဖြစ်သလို အပြင်မှာရှိနေတဲ့ မိသားစုဝင်တွေကိုပါ စိတ်ပိုင်းဆိုင်ရာအရ ဖိနှိပ်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့လည်း ဦးသိုက်ထွန်းဦးက သုံးသပ်ပြောကြားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကနေ စက်တင်ဘာလ ၂၄ ရက်နေ့အထိ မြေပြင်စာရင်းတွေကို ကောက်ယူထားချက်အရ ကန့်သတ်ခံထားရတဲ့ အကျဉ်းထောင်တွေကတော့ အင်းစိန်အကျဉ်းထောင်(ရန်ကုန်)၊ အိုးဘိုအကျဉ်းထောင်(မန္တလေး)၊ သာယာဝတီအကျဉ်းထောင်(ပဲခူး)၊ ဒိုက်ဦးအကျဉ်းထောင်(ပဲခူး)၊ ဘားအံအကျဉ်းထောင်(ကရင်)၊ ပုသိမ်အကျဉ်းထောင်(ဧရာဝတီ)၊ ဖျာပုံအကျဉ်းထောင်(ဧရာဝတီ)၊ ဟင်္သာတအကျဉ်းထောင်(ဧရာဝတီ)၊ မြောင်းမြအကျဉ်းထောင်(ဧရာဝတီ)၊ မအူပင်အကျဉ်းထောင်(ဧရာဝတီ)၊ မြင်းခြံအကျဉ်းထောင်(မန္တလေး)၊ မုံရွာအကျဉ်းထောင်(စစ်ကိုင်း)၊ မကွေးအကျဉ်းထောင်(မကွေး)၊ပခုက္ကူအကျဉ်းထောင်(မကွေး) ၊သရက်အကျဉ်းထောင်(မကွေး) ၊ပြည်အကျဉ်းထောင်(ပဲခူး) ၊ပေါင်းတည်အကျဉ်းထောင်(ပဲခူး) ၊ညောင်ရွှေအကျဉ်းထောင်(ရှမ်းပြည်)၊ မြိတ်အကျဉ်းထောင်(တနင်္သာရီ) ၊ထားဝယ်ထောင်(တနင်္သာရီ) ၊ပဲခူးအကျဉ်းထောင်(ပဲခူး) ၊မြစ်ကြီးနားအကျဉ်းထောင်(ကချင်) ၊စစ်တွေအကျဉ်းထောင် (ရခိုင်) ၊ကျိုက်မရော အကျဉ်းထောင်(မွန်ပြည်နယ်)တို့ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here