ဒီဇင်ဘာ၊ ၁၈
မိုးနဲ့မိုးသီးရွာချတာကြောင့် တနိုင်းမြို့နယ်၊ မိုင်ခွန်ကျေးရွာနဲ့ ရွာအနီးတစ်ဝိုက်မှာ ရိတ်ထားတဲ့ စပါးတွေ တင်းထောင်နဲ့ချီပြီး ပျက်စီးသွားတယ်လို့ သိရပါတယ်။
စပါးခင်းထဲက ကောက်လိုင်း(စပါးကောက်လွှာ)တွေနဲ့ ခြွေဖို့အတွက် မိုးကားပေါ်ပုံထားတဲ့ ကောက်လိုင်းတွေ၊ ခြွေပြီး နေလှန်းဖို့ပုံထားတဲ့ စပါးတွေ ပျက်စီးသွားတာဖြစ်တယ်လို့ ကြားသိရကြောင်း တနိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
“တချို့က အခုထိ စပါးအားလုံးမကောက်နိုင်သေးတဲ့ လယ်တွေဟုတ်တယ်။ တချို့က စပါးခြွေယူဖို့ ကောက်လိုင်းစုထားတာ၊ မနက်ဖြန်စောစောခြွေဖို့ လုပ်ဖို့ ညကတည်းက မိုးကာခင်းပြီး လုပ်ထားတာ။ အဲဒီညမှာ အပေါ်ကိုအုပ်ဖို့မရှိတော့ မိုးကာနဲ့ မိုးရေခံယူသလိုဖြစ်သွားတယ်။ ကောက်လိုင်းမကောက်ယူရသေးတဲ့ ဟာတွေကြတော့ မိုးသီးနဲ့ ရိုက်ခြွေပေးလိုက်တယ်။”လို့ ဆိုပါတယ်။
တနိုင်းမြို့နယ်မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့က မိုးသီးကျတဲ့အချိန် မိုင်ခွန်ကျေးရွာဘက်မှာ ပိုဆိုးတာကြောင့် စပါးတွေ ပျက်စီးသွားတာ ဖြစ်တယ်လို့ နောက်ထပ် တနိုင်းဒေသခံ တစ်ဦးကလည်း အတည်ပြုပြောကြားပါတယ်။
အဲဒီကျေးရွာက ဒေသခံတွေရဲ့ စပါးတွေအပြင် အိမ်ခြေ ၂၀ ကျော်လောက်ရဲ့ အိမ်ခေါင်းမိုးတွေလည်း မိုးသီးကြောင့် အပေါက်ဖြစ်ပြီး ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်အချိန်မှာ တနိုင်းမြို့မှာ စပါးတစ်တင်းကို ၂၄,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး တစ်တင်းခွဲဆန်တစ်အိတ်ကို ၁၃၀,၀၀၀ ကျပ် ဝန်းကျင်လောက် ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
မိုင်ခွန်ကျေးရွာဟာ COC စစ်ရှောင်တွေ ပြန်လည်နေရာချထားရေးအနေနဲ့ ရွှေ့ပြောင်းနေထိုင်နေကြတဲ့ ရွာဖြစ်တယ်လို့လည်း သိရပါတယ်။







