ရေကြည်ကျေးရွာက နေရပ်ပြန်စစ်ရှောင်များ အခက်အခဲများစွာ ရှိနေ

457
ရေကြည်ကျေးရွာစစ်ရှောင်များ

မေ၊၃၀

နေရပ်ပြန်နိုင်ခဲ့ကြသည့် မြစ်ကြီးနားမြို့နယ်၊ ခေါင်ဖူးရွာဟောင်းအူပ်စု၊ ရေကြည်ကျေးရွာမှ စစ်ရှောင်များအနေဖြင့် လက်ရှိတွင် ကလေးများအတွက် ပညာရေး နှင့် နေအိမ်မရရှိသေးသူများအတွက် အခက်အခဲများစွာ ရှိနေကြောင်း ရေကြည်ကျေးရွာနေ ဒေသခံတစ်ဦးထံမှ သိရသည်။

လက်ရှိရေကြည်ကျေးရွာတွင် အိမ်ခြေ (၉၀) ကျော်မှ ဂျာမိုင်ကောင်းစစ်ရှောင်စခန်းမှ နေရပ်ပြန် အိမ်ထောင်စု (၇၀) ကျော်ရှိပြီး အခြား နေရပ်ပြန်ခဲ့သည့် စစ်ရှောင် အိမ်ထောင်စုမှာ (၂၀) ကျော်ရှိကြောင်းနှင့် စာသင်ချိန် စာသင်ခွင့် မရရှိသည့် ကလေးများအတွက် ပညာရေး နှောင့်နှေးနေကြောင်း ရေကြည်ကျေးရွာ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ အိမ်ပြန်တယ်ဆိုပေမယ့် ကျောင်းတွေလည်း မရှိဘူးဆိုတော့ ကလေးတွေက ဒီတိုင်းရွာမှာ အချိန်ကုန်သွားတယ် အဲဒါတွေက စိန်ခေါ်မှုတွေပဲပေါ့” ဟု ဒေသခံက ဆိုသည်။

ဒါ့အပြင် ရေကြည်ကျေးရွာတွင်း နေအိမ်မရှိသေးသည့် အိမ်ထောင်စု (၂၀) ကျော်ခန့်ရှိပြီး ၎င်းတို့အား နေအိမ်ဆောက်လုပ်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ တစ်အိမ်ထောင်လျှင် (၅) သိန်းကျပ်စီပေးအပ်ခဲ့သော်လည်း လက်ရှိကုန်ဈေးနှုန်း အခြေအနေကြောင့် လောက်ငှမှုမရှိကြောင်းနှင့် နေရပ်ပြန်ပြည်သူများအတွက် World Food Program (WFP) မှ လူတစ်ဦးလျှင် တစ်သောင်းကျော် (၆) လစာ ထောက်ပံ့ပေးနေကြောင်းဒေသခံက ဆက်လက်ပြောသည်။

“ အိမ်ရတဲ့ သူတွေကိုတော့ မပေးဘူး။ မရသေးတဲ့ သူတွေကို (၅) သိန်းဆီပေးတယ်။ ခု (၅) သိန်းက ဘာမှ မရဘူးလေ။ သစ်သားဆို တစ်တန်စာတောင်မရှိဘူး။ အခက်အခဲကတော့ အများကြီးပေါ့” ဟု ဒေသခံက ဆိုသည်။

ယင်းစစ်ရှောင်ပြည်သူများအနေဖြင့် ၂၀၁၁ ခုနှစ်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား တစ်ကျော့ပြန်စစ်ပွဲကြောင့် (၁၀) နှစ်ကျော်ကြာ စစ်ရှောင်ခဲ့ရပြီး ယခုနှစ် မေလ (၂၅) ရက်နေ့က မိမိနေရပ်သို့ ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here