အင်းတော်ကြီးဒေသက စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA က သိမ်းပိုက်ပြီးနောက် ဒေသခံတွေ တိမ်းရှောင်နေရ

150

 

ဇွန်၊၂၄

မိုးညှင်းခရိုင်၊အင်းတော်ကြီးဒေသက စစ်ကောင်စီရဲ့တပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့ကနေ သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ဒေသခံတွေကတော့ ရှောင်တိမ်းနေကြဆဲ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ညောင်ပင်ကျေးရွာဘက်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့လောက်ကတည်းကနေ အခြေအနေတင်းမာခဲ့တာဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့ကနေ တိုက်ပွဲစတင်ဖြစ်ပွားလာတာလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ညောင်ပင်၊ ဝှေလုံနဲ့ ချောင်းဝကျေးရွာက ဒေသခံတွေဟာ တောတောင်ဘက်နဲ့ နီးစပ်ရာမြို့တွေဘက် ရှောင်တိမ်းသွားကြတာဖြစ်ပြီး လက်ရှိ တပ်စခန်းတွေကို သိမ်းပိုက်လိုက်ပေမဲ့ အခြေအနေ မတည်ငြိမ်သေးတာကြောင့် တိမ်းရှောင်နေဆဲဖြစ်တယ်လို့ ညောင်ပင် ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

တချို့က မြို့ရွာကြီးတွေဘက် တိမ်းရှောင်သွားကြတယ်။ သုံးပုံ နှစ်ပုံတော့ လယ်တောတွေ တောတွေဘက် ရှောင်ကြတယ်။ ဆေးဝယ်စားဖို့နေရာလည်းမရှိဘဲ ခက်နေတာရှိတယ်။ ဆေးဆရာလည်း မရှိဘူး။

တောင်ယာတဲနဲ့ တောတွေဘက် ရှောင်တိမ်းနေကြတာ လေးရက်လောက်ရှိနေပြီဖြစ်ပြီး ဖျားနာမှုတွေ ရှိလာသလို ဆေးဝါးမရှိတဲ့အတွက် အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ နမ့်မွန်းတောင်ထိပ်မှာ စစ်ကောင်စီနဲ့ ရှမ်းနီတပ်သားတွေ အင်အားဖြည့်တင်းနေတဲ့ အခြေအနေရှိတာကြောင့် နမ့်မွန်းမြို့သာမက လုံးတုံဘက်က ဒေသခံတချို့လည်း နီးစပ်ရာကို ရှောင်တိမ်းနေကြတယ်လို့ နမ့်မွန်းဒေသခံတစ်ဦးက ပြောပါတယ်။

အခြေအနေကိုလိုက်ပြီး ရှောင်နေကြတာပေါ့။ တောင်ထိပ်မှာ ရှမ်းနီနဲ့ စစ်တပ် ပူးပေါင်းတပ်တွေ အင်အား အရမ်းစုနေတယ်လို့ ကြားတယ်။ အဲဒါကြောင့် မနက်ဖြန် တဘက်ခါ ဘယ်လိုဖြစ်မယ်ဆိုတာ မပြောနိုင်ဘူးပေါ့။ လို့ ဆိုပါတယ်။

နမ့်မွန်းဒေသခံတွေဟာ အရှေ့ဘက်ကမ်း ဟဲပု၊ဟဲပါး ကျေးရွာတွေဘက် ရှောင်တိမ်းကြသလို မြစ်ကြီးနား၊ ဟိုပင်၊မိုးညှင်းမြို့တွေဘက် ရှောင်တိမ်းကြသူတွေရှိတယ်လို့ ဆိုပါတယ်။

ညောင်ပင်ကျေးရွာက စစ်တပ်နဲ့ ဝှေလုံတောင်ခြေ စစ်တပ်တို့ကို မနေ့က ညပိုင်းမှာ KIA ပူးပေါင်းအဖွဲ့က သိမ်းပိုက်လိုက်တာဖြစ်ပြီး ချောင်းဝကျေးရွာက ပြည်သူ့စစ်စခန်းကိုတော့ ဒီကနေ့မနက်ပိုင်းက သိမ်းပိုက်လိုက်နိုင်တာလို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေသေးတာနဲ့ အင်အားဖြည့်တင်းမှုတွေလည်း ရှိနေသေး တာကြောင့် လတ်တလော အင်းတော်ကြီးဒေသဘက်မှာ စစ်ရေးတင်းမာနေဆဲ အခြေအနေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here