မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်ခြင်းကြောင့် KIA မှ ဖမ်းဆီးထားသည့် အောက်ဖရဲဒေသခံများ ပြန်လည်လွတ်မြောက်လာ

287

 

အောက်တိုဘာ၊၂၅

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) က ဦးစီးလုပ်ဆောင်နေတဲ့ မြေရှားသတ္တုလုပ်ငန်းကို ကန့်ကွက်တယ်ဆိုပြီး ကချင်ပြည်နယ်၊ ဖရဲဒေသ၊ အောက်ဖရဲရွာက ဖမ်းခံထားရတဲ့ ဒေသခံတွေကို မနေ့ကအောက်တိုဘာလ ၂၄ ရက်နေ့ ညနေမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မနက်ဖြန် အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဒေသအတွင်း KIA ကနေ မြေရှားသတ္တုတူးဖော်တာနဲ့ ပတ်သက်ပြီး ရွာသားတွေနဲ့ အစည်းအဝေး ပြုလုပ်မယ်လို့ ချိန်းဆိုပြီးတော့ လွှတ်ပေးလိုက်ကြတာ ဖြစ်တယ်လို့ ဖရဲဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။

“အဲဒီမှာ သတ္တုလုပ်မယ့်ကိစ္စက အခုက အဖြေကောင်းကောင်း မရသေးဘူး။ သူတို့ကို ကြာသပတေးနေ့(အောက်တိုဘာလ ၂၆ ရက်နေ့)မှာ ရွာသားတွေနဲ့ KIA ‌တွေအစည်းအဝေး ပြန်ထိုင်ပြီးတော့မှ ဘယ်လိုလုပ်မလဲဆိုတာ အဲဒီအချိန်မှ အဖြေက အတိအကျရမှာတဲ့။” လို့ ဒေသခံကဆိုပါတယ်။

ဖရဲဒေသမှာ အထက်ရွာနဲ့အောက်ရွာလို့ နှစ်ပိုင်းခွဲခြားထားရှိပြီး ဒီရက်ပိုင်းမှာပဲ KIA က သတ္တုလာစမ်းသပ်ပြီး တူးဖော်ဖို့လုပ်နေကြတဲ့အတွက် ‌အောက်ဖရဲရွာသားတွေက မလုပ်ဖို့တားမြစ်တဲ့အချိန် အောက်တိုဘာလ ၂၃ ရက်နေ့က ဖမ်းဆီးခံခဲ့ကြရတာ ဖြစ်ပါတယ်။

KIA နဲ့ ကုမ္ပဏီတွေဟာ ဒေသခံတွေကို မက်လုံးအမျိုးမျိုးနဲ့ ညှိနှိုင်းမှုတွေလုပ်ကြပေမဲ့ ဒေသခံတွေဟာ လုံးဝလက်မခံခဲ့ကြတာကို အခုအချိန်ထိ ဒေသခံတွေကို အမျိုးမျိုးခြိမ်းခြောက်ပြီး ဆက်လက်လုပ်ဆောင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် KIO ဝင်လာတဲ့အချိန်က တိုင်းပြည်ကို ကာကွယ်ပေးဖို့၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မယ်ဆိုပြီး ဝင်လာခဲ့ကြပေမဲ့ အခုချိန်မှာတော့ ဒေသကို ပျက်စီးသွားစေမယ့် မြေရှားသတ္တုတွေကို ဒေသခံတွေရဲ့ လယ်ယာမြေတွေကိုပါမကျန် တူးလာကြတယ်လို့ ဒေသခံတွေက ပြောဆိုနေကြတာပါ။

အဲဒါကြောင့် ဒေသခံတွေဟာ၂၀၁၉ ခုနှစ်အတွင်းက မြေရှားသတ္တုလုပ်ငန်းရပ်တန့်သွားဖို့ ဆန္ဒထုတ်ဖော်တာတွေအထိ ပြုလုပ်ခဲ့ကြပေမဲ့ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာတွေနဲ့ သေနတ်နဲ့ ပစ်သတ်တာတွေအထိ ပြုလုပ်တာကို ခံခဲ့ကြရတယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

ဘိုးဘွားဘီဘင် လက်ထက်ကတည်းက လက်ဆင့်ကမ်း လုပ်ကိုင်လာခဲ့ကြတဲ့ လယ်ယာမြေတွေကို မဖျက်ဆီးပေးဖို့ တောင်းဆိုတာတွေကို လက်မခံဘဲ ဒေသခံတွေဟာ အုပ်ချုပ်သူတွေရဲ့ အနိုင်ထက်ပြုကျင်တာကို ခံနေရတဲ့အတွက် ဘယ်သူ့ကို အားကိုးပြီး ဆက်လက်နေထိုင်ရမလဲဆိုတာ မသိတော့ဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဖရဲဒေသခံတွေဖမ်းခံရတာနဲ့ ပတ်သက်ပြီး KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီး နော်ဘူကို မြစ်ကြီးနားသတင်းဂျာနယ်က မေးမြန်းတဲ့အချိန် အဲဒီဒေသက KIA တာဝန်ရှိသူတွေအနေနဲ့ ဘာကြောင့် ဖမ်းဆီးရသလဲဆိုတာကို အတိအကျမသိရှိရကြောင်း အခုလို ပြန်လည်ဖြေကြားပါတယ်။

“ကျနော့်ကို ပြောပြတာတစ်ခုက လုပ်ငန်းဆောင်ရွက်နေတဲ့နေရာမှာ အနှောက်အယှက်ပေးတဲ့အတွက် သွားခေါ်ယူပြီး၊ အားလုံးကို ပညာပေးပြီး ပြန်လွှတ်ပေးလိုက်တယ်ဆိုတာ တစ်ခုတော့ကြားတယ်။ ဘာအလုပ်လုပ်တာလဲ ဆိုတာလဲမသိဘူး။ ဖမ်းတာလား၊ ချုပ်သလား ဘယ်လိုလုပ်ကြသလဲ ဆိုတာလဲမသိဘူး။ အဲဒီသတင်းကို အတိအကျ ကျနော်စုံစမ်းလို့မရဘူး။” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

မြေရှားသတ္တုတူးဖော်ခြင်းကြောင့် ဒေသကမြေတွေ ဒီထက်ပိုပြီး မပျက်စီးမီ အမြန်ဆုံး လာရောက်တားဆီးပေးကြဖို့ ဒေသခံတွေ လိုလားနေကြတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here