ဇူလိုင်၊၅
ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာအုပ်စု၊ မန်ပန်ကျေးရွာအနီးမှာရှိတဲ့ ခမာချောင်းတစ်လျှောက်မှာ ရွှေတူးဖော်မှုကြောင့် ရွာပတ်ဝန်းကျင် ပျက်စီးလာတဲ့အတွက် ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။
၂၀၂၂ခုနှစ် အောက်တိုဘာလကနေ ခမာချောင်းအနီးမှာ ဘက်ဟိုးတွေသုံးပြီး ရွှေဆိုင်း ၆ ဆိုင်းလောက်နဲ့ ရွှေတူးဖော်မှုတွေ စတင်လာကြတာဖြစ်ပြီးတော့ လက်ရှိ မုံဆိုင်း(ရွှေတူးဖော်ရာအတွင်း အသုံပြုသည့် စက်ဆိုင်းတစ်မျိုး) ၄၀ လောက် ဝင်ရောက် တူးဖော်နေကြတယ်လို့ ဆိုပါတယ်။
လက်ရှိ အဲဒီချောင်းကို အမှီပြုနေတဲ့ လယ်ယာမြေတွေမှာ သဲတွေဝင်ရောက်ပြီး ပျက်စီးမှုတွေ ဖြစ်နေတဲ့အပြင် ရွာအတွင်းက ရေတွင်းတွေမှာလည်း ရေနောက်ကုန်ပြီလို့ မန်ပန် ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ပတ်ဝန်းကျင်လည်း အရမ်းပျက်စီးသွားပြီ။ ရေလည်း သုံးလို့ မရတော့ဘူး။ အဲဒီရေယူတဲ့ လယ်တွေလည်း သဲတွေ အရမ်းဝင်သွားပြီ။ လယ်ယာမြေစိုက်ခင်းတွေလည်း အရမ်းပျက်စီးသွားပြီ။”
ဒွမ်ဘန်နဲ့ မန်ပန်ကျေးရွာက ဒေသခံပြည်သူဟာ ကျွဲ၊ နွားတွေကို ခမာချောင်းအနီးပတ်ဝန်းကို စားကျက်မြေအဖြစ် အသုံးပြုနေတဲ့အတွက် ရွှေတူးဖော်မှုကို လုံးဝဘကန့်ကွက်လိုတယ်လို့ နောက်ထပ် မန်ပန်ဒေသခံတစ်ဦးကလည်း အခုလို ပြောပါတယ်။
“ကျွဲ၊ နွားတွေတွင်းထဲ ပြုတ်ကျမှာလည်း စိုးရတယ်။ ဘာပဲ ဖြစ်ဖြစ် လုံးဝ ကန့်ကွက်ချင်တယ်”လို့ ဒေသခံက ဆိုပါတယ်။
လက်ရှိ ဒွမ်ဘန်ကျေးရွာမှာ အိမ်ခြေ ၆၀၀ကျော်နဲ့ မန်ပန်ကျေးရွာမှာ အိမ်ခြေ ၃၀၀ လောက်ရှိပြီး အိမ်တိုင်းလိုလို ကျွဲ၊ နွား မွေးမြူရေးလုပ်တဲ့အတွက် ထောင်ဂဏန်းလောက်ရှိနိုင်တယ်လို့ ဒေသခံက ဆိုပါတယ်။
လက်ရှိ ရွှေတူးဖော်နေသူတွေအများစုဟာ အခြားအရပ်ဒေသက လာရောက်လုပ်ကိုင်သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံပြည်သူတွေရဲ့ လယ်ယာစိုက်ပျိုးရေးအတွက်ပါ ခမာချောင်းကနေ အဓိကထား သုံးစွဲရတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ခမာချောင်းတစ်လျှောက် ရွှေတူးဖော်နေတာတွေကို ဒေသခံတွေအနေနဲ့ အစပိုင်းက ကန့်ကွက်ခဲ့ပေမဲ့ ဘယ်အဖွဲ့အစည်းကမှ အရေးယူဖြေရှင်းပေးတာ မရှိတဲ့အတွက် ချောင်းအနီးမှာရှိတဲ့ မြေနေရာ ဧက ၄၀ ထက်မနည်း ပျက်စီးသွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။
မန်ပန်ကျေးရွာဟာ မြစ်ကြီးနား- လဝါး- တနိုင်းလမ်းပေါ်မှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး မြစ်ကြီးနားမြို့နဲ့ မိုင် ၆၀ ၊ လဝါးကျေးရွာနဲ့ ၁၀ မိုင်လောက် ကွာဝေးတာဖြစ်ပါတယ်။
ပုံဟောင်းဖြစ်ပါသည်။