ဩဂုတ်၊၉
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ကျေးရွာအုပ်စု နယ်နိမိတ်အတွင်းမှာရှိတဲ့ ဝါရှောင်ကြိုးပြင်ကာကွယ်တော ဧရိယာအတွင်းမှာ ဂါးရာယန်ကျေးရွာ ဒေသခံ ၆၅ ဦးကို ဒေသခံအစုအဖွဲ့ပိုင်သစ်တော (Community Forest/CF) တည်ထောင်ခွင့်ပြုပေးလိုက်ပြီလို့ သိရပါတယ်။
ဒေသခံအစုအဖွဲ့ပိုင်သစ်တော(CF) တည်ထောင်ခွင့်ရရှိခဲ့တဲ့ မြေဧက ၆၀၀ ကို ဒေသခံတွေအနေနဲ့ အရင်က မိမိလုပ်ကိုင်ခဲ့တဲ့ မြေဧရိယာ ပိုင်ဆိုင်မှုအတိုင်း ပြန်လည်လုပ်ကိုင်ခွင့်ရမှာဖြစ်တယ်လို့ ဂါးရာယန်ကျေးရွာ၊ ရပ်မိရပ်ဖတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“တစ်ယောက်နဲ့ တစ်ယောက်ကလည်း အရင်ကတည်းက ပိုင်ဆိုင်မှုမတူတာဖြစ်တဲ့အတွက် CF ပြန်လုပ်တယ်ဆိုပေမဲ့ အားလုံးကို တန်းတူညီမျှ ခွဲဝေပေးတာမဟုတ်ဘဲ အရင်က ပိုင်ဆိုင်မှုအတိုင်းပဲ အကျိုးခံစားခွင့်ရရှိဖို့ ခွဲကြတာဖြစ်တယ်။” လို့ အထက်ပါရပ်မိရပ်ဖက ရှင်းပြပါတယ်။
CF တည်ထောင်ခွင့်လက်မှတ်ရရှိခဲ့တဲ့ အဲဒီမြေနေရာဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးတဲ့ မလိခနဂါး ကုမ္ပဏီကို ၂၀၂၄ ခုနှစ်အထိ မြေငှားရမ်းထားတဲ့ နေရာဖြစ်ပါတယ်။
မြေယာပြဿနာတွေကြောင့် အဲဒီမလိခနဂါးကုမ္ပဏီကို သစ်တောဦးစီးဌာနကနေ တရားစွဲခဲ့ပြီး ခရိုင်အထိ အမှုရင်ဆိုင်ခဲ့ပြီးတော့ သစ်တောဌာနကအမှုနိုင်ပြီး ပြန်လည်ရရှိသွားတာကြောင့် ဒေသခံတွေကို သစ်တောကြိုဝိုင်းအတွင်း ပြန်လည်လုပ်ကိုင်နိုင်အောင် ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ပြည်သူတွေက အဲဒီမြေကို ဆုံးရှုံးသွားကြပြီဖြစ်လို့ သစ်တောဘောအတွင်းကနေ ဘယ်လိုပုံစံနဲ့ ဒေသခံတွေ အကျိုးခံစားလို့ရမလဲဆိုတာ နည်းလမ်းရှာကြည့်လိုက်တဲ့အခါ Community Forest နည်းလမ်းနဲ့ဆိုရင် မြေကို ပြန်အကျိုးခံစားခွင့်ရနိုင်တဲ့ အခြေအနေကြောင့် ဒီဒေသခံအစုအဖွဲ့ပိုင်သစ်တော (CF)ကို လျှောက်တင်ပြီး ခွင့်ပြုလက်မှတ်ရပြီဖြစ်တဲ့အတွက် အရင်က လုပ်ကိုင်စားသောက်ခဲ့တဲ့ ဒေသခံတွေကိုယ့်မြေပေါ်ကိုယ် ပြန်ပြီး နည်းလမ်းတစ်ကျ၊ ဘောင်အတွင်းလုပ်ကိုင်ဖို့ နည်းလမ်းရှာတွေ့ခဲ့တယ်။“လို့ ရပ်မိရပ်ဖက ဆိုပါတယ်။
သစ်တောဌာနက သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းရေးနဲ့အတူ ဒေသခံတွေရဲ့ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းက မြေအသုံးချခွင့်ကို လမ်းဖွင့်ပေးတဲ့အတွက်ကြောင့်သာမက ဒေသခံတွေအနေနဲ့ Community Forest ကိုကျော်လွန်ပြီး အရင်ကလို မြေတွေကို ကုမ္ပဏီတွေဆီငှားရမ်းတာတွေလည်း လုပ်ခွင့်မရှိတော့မှာ မဟုတ်တာကြာင့် တစ်ဖက်တစ်လမ်းက မြေပြဿနာတွေ ဖြေရှင်းပြီသား ဖြစ်သွားမယ်လို့လည်း အထက်ပါ ရပ်မိရပ်ဖက ဆက်လက်ပြောပါတယ်။
လက်ရှိအချိန်မှာ CF လုပ်ကိုင်ခွင့်ရရှိတဲ့ ဒေသခံအချို့က မြေတွေပေါ်မှာ ကျွန်း၊ ပျဉ်းကတိုးစတဲ့ သစ်မာပင်တွေ စိုက်ပျိုးနေကြပြီလို့လည်း သိရပါတယ်။