ဒီဇင်ဘာ၊ ၁၂
စစ်ကိုင်တိုင်းဒေသကြီး ၅/ (မျဉ်းစောင်း)မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ကချင်ပြည်နယ်၊ ပန်ဝါဒေသဘက် ဖြတ်သန်းသွားလာခွင့်မပြုတဲ့အပြင် သတ္တုလုပ်ကွက်တွေနဲ့ အခြားလုပ်ငန်းတွေမှာလည်း အလုပ်လာရောက်လုပ်ကိုင်ခွင့်ကို ပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်တိုင်း မှတ်ပုံတင်ကိုင်ထားတဲ့သူတွေကို အခုလိုပိတ်ပင်ထားတာဟာ ပြည်သူ့ကာကွယ်ရေးတပ်သား(PDF) ဖြစ်နေမှာကို စိုးရိမ်တဲ့အတွက် ဖြစ်တယ်လို့ ကြားသိရကြောင်း ချီဖွေဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“အခုလောလောဆယ် တစ်နိုင်ငံလုံးထဲမှာ ၅/ (မျဉ်းစောင်း) စစ်ကိုင်းကဆိုတာ အရမ်းနာမည်ကြီးတော့ သူတို့ဒီ PDF များဖြစ်နိုင်မလားဆိုပြီးမှ အဲမျိုး ၅/ (မျဉ်းစောင်း)တွေအကုန်လုံးကို ပိတ်ပင်တာဟုတ်တယ်။“လို့ ဒေသခံက ဆိုပါတယ်။
ချီဖွေမြို့အထိ တက်လာနိုင်ကြပေမဲ့ ချီဖွေမြို့အထက် ပန်ဝါဒေသဘက်ကိုထပ်သွားဖို့ကို ဒေသအုပ်ချုပ်သူတွေက ပိတ်ထားတဲ့အတွက် ဂိတ်ကနေ လုံးဝဖြတ်သန်းသွားလာခွင့် မရှိကြဘူးလို့လည်း ဆက်လက်ပြောပါတယ်။
ဒါ့အပြင်သတ္တုလုပ်ကွက်မှာ အလုပ်လုပ်မှာဖြစ်ကြောင်း ပြောဆိုရင်တောင်အထက်အမိန့်ဖြစ်တယ်လို့ ဆိုပြီး ဂိတ်ကနေ လုံးဝမဖြတ်ခိုင်းဘူးလို့လည်း နောက်ထပ်ချီဖွေဒေသခံတစ်ဦးက ပြောပါတယ်။
“ချီဖွေလောက်အထိတော့ အဲဒီလောက်မဟုတ်သေးဘူးပေါ့။ ချီဖွေအထက်ဆိုရင် ပိုတောင်မှ မရဘူးပေါ့။ အဲဒီမျိုးပြောကြတယ်။” လို့ ဒေသခံက ဆက်လက်ပြောပါတယ်။
အလုပ်လုပ်ဖို့ လာကြတဲ့သူများပေမဲ့ ချီဖွေအထက်ဘက်ကို ဆက်တက်ခွင့် မရရှိကြတဲ့အတွက် တချို့က ပြန်သွားကြပြီး တချို့ကတော့ ဝိုင်းမော်နဲ့ ချီဖွေမြို့ကြားမှာ အလုပ်ရှာလုပ်ပြီး နေနေကြတယ်လို့ သိရပါတယ်။
မနှစ်ကတည်းက စစ်ကိုင်းမှတ်ပုံတင်ကိုင်တဲ့သူ အားလုံးကို ပိတ်ပင်ထားခဲ့ကြတာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ချီဖွေ၊ပန်ဝါဒေသဟာ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် NDAK ဦးဇခုန်တိန့်ယိန်း နယ်မြေဖြစ်တာကြောင့် အခုလိုပိတ်ပင်မှုတွေ ရှိနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးဘက်က အလုပ်အကိုင်အဆင်မပြေကြတဲ့ ပြည်သူအချို့ဟာ အခြားနယ်ဘက်တွေမှာ သွားရောက်ပြီး အလုပ်လုပ်ကိုင်တာတွေ များလာတာဖြစ်ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ စစ်ကောင်စီကို တော်လှန်ခဲ့ကြတဲ့ ဒေသတွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးဟာ အားကောင်းတဲ့ ဒေသတစ်ခုဖြစ်သလို လက်ရှိအချိန်ထိလည်း အားကောင်းကောင်းနဲ့ ဆက်လက်တော်လှန်နေဆဲ ဖြစ်ပါတယ်။







