ကန်ပိုင်တည် လဝကရုံးမှ ဝန်ထမ်းအချို့ကို စစ်ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားပြီး လာဘ်ပေးလာဘ်ယူမှုကြောင့် ဖြစ်နိုင်ဟု ဒေသခံများသုံးသပ်

261

အောက်တိုဘာ၊၂၄

ကချင်ပြည်နယ်၊ တရုတ်မြန်မာနယ်စပ်၊ ကန်ပိုင်တည်မြို့မှာ မနေ့က ၂ နာရီခန့်လောက်က စစ်ကောင်စီကနေ လူဝင်မှုကြီးကြပ်ရေးရုံးက ဝန်ထမ်းတချို့ကို ရဟတ်ယာဉ်နဲ့ လာရောက်ခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။

ကန်ပိုင်တည်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးက ဝန်ထမ်းအချို့ကို စစ်ကောင်စီတပ်က ခေါ်သွားပြီး လူသစ်တွေကို လာချထားတယ်လို့ ကန်ပိုင်တည်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အခုက လူသစ်တွေ ပြန်လာချထားတယ်။ လာဘ်ပေးလာဘ်စားတွေ တရားမဝင်တာတွေ လုပ်တာ နည်းနည်း ကြီးသွားတယ်ထင်တယ်။ ကန်ပိုင်တည်မှာ ဒီလိုမဖြစ်ဖူးဘူးလေ။”လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ကန်ပိုင်တည်လဝကရုံးဟာ လာဘ်စားမှုနဲ့ တိုင်ကြားခံခဲ့ရပြီး လဝကဦးစီးကိုလည်း ရာတူးချထားပြီးတော့ ဝန်ထမ်းတစ်ချို့ လည်း စစ်ဆေးခံခဲ့ရတယ်လို့ သိရပါတယ်။

ကန်ပိုင်တည်မှာ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ် ရောက်လာတဲ့အတွက် ကားတွေကို ဖြတ်သန်းခွင့်မပေးဘဲ ရပ်ခိုင်းထားခဲ့တယ်လို့ ကန်ပိုင်တည် ဒေသခံ အမျိုးသမီးနောက်တစ်ဦးက ပြောပါတယ်။

လက်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက မြစ်ကြီးနားခရိုင်အတွင်းမှာ နေထိုင်တဲ့သူတွေကို မြန်မာ-တရုတ်နယ်စပ် သွားလာခွင့်လက်မှတ် စာအုပ်တစ်အုပ်ကို ငွေကျပ် ၂၀,၀၀၀ နဲ့ လုပ်ပေးနေတယ်လို့ သိရပါတယ်။

မေလပိုင်းကစပြီး ကန်ပိုက်တီမြို့မှာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက မြန်မာ-တရုတ်နယ်စပ်သွားလာခွင့်လက်မှတ် စာအုပ်ထုတ်ပေးတာကို ပိတ်ထားပေမဲ့ တရုတ်ပြည်ကို အလုပ်သွားလုပ်မဲ့သူတွေကို ပွဲစားတွေနဲ့ လဝကကလူတွေပူးပေါင်းပြီး ငွေကျပ် ၁၀ သိန်းကျော်နဲ့ ဖြတ်သန်းသွားလာခွင့်စာအုပ် လုပ်ပေးနေတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here