မေ၊၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီကနေ့မနက်ပိုင်းကစလို့ ဖုန်းလိုင်းအချို့ ပြတ်တောက်ပြီး ဗုံးပေါက်ကွဲသံတွေလည်း ကြားနေရတယ်လို့ မြစ်ကြီးနားမြို့ခံတွေထံက သိရပါတယ်။
ဖုန်းလိုင်းတချို့ ပျောက်နေပြီး ဒီမနက် ၁၁ နာရီခန့်လောက်မှာ ဗုံးပေါက်ကွဲသံတွေ ကြားနေတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ခုနကနေ မြည်နေတယ်(ဗုံးကွဲသံ)။ သုံးလေးခါ အရမ်းကြားရတယ်။ အိမ်တောင်တုန်တယ် ကျွန်မတို့တောင် ကြောက်တယ်။ လိုင်းတွေလည်း ပျောက်ကုန်ပြီး ဗုံးတစ်ခါစကွဲတဲ့အချိန် လိုင်းပျောက်သွားတာ ဟုတ်တယ်။”လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
ဒီမနက်ပိုင်း မြစ်ကြီးနားမြို့မှာ MPT၊နဲ့ Atom ဖုန်းလိုင်းတွေ လိုင်းပျောက်ခဲ့တာဖြစ်ပြီး Ooredoo ဖုန်းလိုင်းတော့ ရရှိတယ်လို့ ကျွန်းပင်သာရပ်ကွက်နေ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
မြစ်ကြီးနားမြို့ခံအချို့က ဖုန်းလိုင်းတွေ ပျောက်နေတဲ့အတွက် ဖုန်းဆက်လို့မရကြောင်း လူမှုကွန်ရက်စာမျက်တွေမှာ တင်ထားတာလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက နှစ်ဖက်တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်မှာ အင်တာနက်ဖိုက်ဘာကြိုးတွေ ပြတ်တောက်ခဲ့တဲ့အတွက် တစ်လကြာ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့ပါတယ်။
ဒါ့အပြင် တနိုင်းမြို့ဘက်မှာလည်း MPT ဖုန်းလိုင်းတွေပြတ်တောက်နေပြီး ဖုန်းခေါ်ဆိုလို့ မရဘူးလို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာတော့ ကချင်ပြည်နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီ စစ်ရေးတင်မာနေပြီး မြစ်ကြီးနားမြို့တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
 
            
