အောက်တိုဘာ၊ ၃၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့ပတ်ဝန်းကျင်မှာ စစ်ဆင်ရေးကို ဆက်လက်အရှိန်မြှင့်နေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့အောက်တိုဘာလ ၃၀ ရက်နေ့ ညနေခင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် တခြားဒေသတွေမှာလည်း ထိုးစစ်နဲ့ စစ်ဆင်ရေးတွေကို ဟန်ချက်ညီ လုပ်ဆောင်နေတယ်လို့ ဒီနေ့ညနေပိုင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒီနေ့နေ့လယ်ခင်း ထုတ်ပြန်ချက်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲမှာလည်း ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ အသိပေးထားပါတယ်။
ဒီနေ့ညနေပိုင်းအထိတော့ လောက်ကိုင်မြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ မုန်းကိုး၊ ဖောင်းဆိုင်ဒေသက စစ်ကောင်စီရဲ့ စခန်း (၄) ခုကို သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။
အခုတိုက်ပွဲတွေဆက်ဖြစ်ပြီး ညီနောင် ၃ ဖွဲ့က စစ်ရေးအရှိန်မြှင့်နေတဲ့ ကွမ်လုံမြို့ဟာ လောက်ကိုင်မြို့ရဲ့ အနောက်တောင်ဘက်မှာရှိပြီး သန္နီနဲ့ ချင်းရွှေဟော်ကြားက မြို့တစ်မြို့ ဖြစ်ပါတယ်။
ချင်းရွှေဟော်ကိုတော့ အခုအချိန်မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က စိုးမိုးထားပြီး လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်တွေအရ တရုတ်-မြန်မာ နယ်စပ်ထွက်ပေါက်ဂိတ်မှာလည်း MNDAA အလံကို ချိတ်ဆွဲထားပါတယ်။
ဒါ့အပြင် ဒီနေ့မှာလည်း သန္နီမြို့ထဲကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်လာပြီး လားရှိုးဘက်ကိုထွက်တဲ့ သန္နီတံတားဟာလည်း ပျက်စီးသွားပါပြီ။
သန္နီကနေ မန္တလေးဘက်ဆင်းတဲ့လမ်းမှာရှိတဲ့ လားရှိုးက စစ်ကောင်စီရဲ့ “မိုင်ကျက်”တပ်စခန်းကိုလည်း ဒီန့မနက် ၄ နာရီကျော်မှာ ထိုးစစ်ဆင်ခဲ့ပြီး နောက်ဆက်တွဲသတင်းတွေကို ဖော်ပြပေးသွားမယ်လို့ ညီနောင် ၃ ဖွဲ့က ဆိုပါတယ်။
လားရှိုးကနေအလာ စစ်တပ်အခြေစိုက်မြို့ဖြစ်တဲ့ ပြင်ဦးလွင်မရောက်ခင် နောင်ချိုမြို့က စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဒီနေ့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါသေးတယ်။
အခုအချိန်မှာတော့ မန္တလေ-လားရှိုး-မူဆယ် လမ်းဟာ ပိတ်ဆို့နေပြီး တိုက်ပွဲဖြစ်ပွားတဲ့ဒေသက ပြည်သူတွေဟလည်း စစ်ဘေးရှောင်နေကြပါတယ်။
ညီနောင် ၃ ဖွဲ့ဟာ အွန်လိုင်းလောင်းကစား လိမ်လည်မှုပပျောက်ရေးနဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက်ဆိုပြီး ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်နေ့မနက် ၄ နာရီမှာ စတင်ခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့ကစပြီး လားရှိုး- ချင်းရွှေဟော်၊ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးတွေကို ပိတ်ထားတဲ့အကြောင်း MNDAA က ကြေညာထားပါတယ်။
ဒီနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေခင်းအထိ ညီနောင်အဖွဲ့ ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီရဲ့ စခန်းပေါင်း ၆၁ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုဖိုင်တွေအရ စစ်ကောင်စီတပ်သား တစ်ရာဝန်းကျင်လောက် သေဆုံးခဲ့ပြီး အယောက် ၄၀ ကျော်ကိုလည်း သုံးပန်းအဖြစ် ဖမ်းဆီးထားနိုင်တယ်လို့ သိရပါတယ်။
Photos- The Kokang







