ဖောင်းဆိုင်မြို့ကို သိမ်းပိုက်လိုက်ကြောင်း ညီနောင် ၃ ဖွဲ့ အသိပေး

410

 

အောက်တိုဘာ၊ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်နားက ဖောင်းဆိုင်မြို့ကို ဒီနေ့ညနေ ၆ နာရီမှာ အောင်အောင်မြင်မြင်သိမ်းပိုက်နိုင်လိုက်ပြီလို့ ညီ‌နောင်မဟာမိတ် ၃ ဖွဲ့ က ဒီနေ့ညနေပိုင်းမှာ ပြည်သူတွေကို အသိပေးလိုက်ပါတယ်။

ဒီနေ့ ညနေခင်းထုတ်ပြန်ချက်မှာလည်း ဖောင်းဆိုင်ဒေသက စခန်း ၄ ခုကို သိမ်းနိုင်ခဲ့တယ်လို့ ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ခဲ့ပါသေးတယ်။

ဖောင်းဆိုင်မြို့ဟာ လောက်ကိုင်မြို့ရဲ့ မြောက်ဘက်၊ မူဆယ်/ မုံးကိုး မြို့နယ်တို့ရဲ့ တောင်ဘက်မှာရှိတဲ့ မြို့လည်းဖြစ်ပြီး ကိုးကန့်ဒေသအတွက် အရေးပါတဲ့ မြို့တစ်ခုဖြစ်ပါတယ်။

အခုအချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေဟာ ဖောင်းဆိုင်နဲ့ ချင်းရွှေဟော်ကို သိမ်းပိုက်ထားတဲ့အတွက် စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့စစ်တွေရှိတဲ့ လောင်ကိုင်မြို့ဟာ အဲဒီမြို့နှစ်မြို့ကြားမှာ ရှိနေတာဖြစ်ပါတယ်။

အခုအချိန်မှာလည်း မန္တလေး၊ ပြင်ဦးလွင်ဘက်ကနေ ကိုးကန့်ဒေသကို တက်လာနိုင်တဲ့ မန္တလေး-လားရှိုး-မူဆယ် လမ်းပိုင်းကနေ နောင်ချိုမြို့နယ်နဲ့ လားရှိုးမြို့နယ်တို့မှာလည်း စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံနေရပါတယ်။

ဒါ့အပြင် သန္နီကိုဖြတ်ပြီး စစ်ကောင်စီရဲ့တပ်ကူတွေလာနိုင်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေက သန္နီမြို့အဝင်တံတားကို စစ်ရေးအရဆိုပြီး ဖောက်ခွဲထားပါတယ်။

ဒီနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေခင်းအထိ ညီနောင်အဖွဲ့ ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီရဲ့ စခန်းပေါင်း (၆၁) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ညီနောင် ၃ ဖွဲ့ဖြစ်တဲ့ AA၊MNDAA၊TNLA တို့ဟာ အွန်လိုင်းလောင်းကစား လိမ်လည်မှုပပျောက်ရေးနဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက်ဆိုပြီး ၁၀၂၇ နာမည်နဲ့ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်နေ့မနက် ၄ နာရီအချိန် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here