အောက်တိုဘာ၊ ၄
ကချင်ပြည်နယ်အစပ်၊ စစ်ကိုင်တိုင်း ဝန်းသိုမြို့နယ်၊ ဂျိုးထောင်ရွာမရွာ၊ ဘူတာစုရပ်ဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး ဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့ ကလေးတွေကို ထိမှန်ခဲ့တာကြောင့် စာမသင်ရဲတော့တဲ့ ကလေးတွေရှိလာတယ်လို့ NUG ရဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။
ဂျိုးထောင်ရွာမရွာစာသင်ကျောင်းကို စစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဒီနေ့ အောက်တိုဘာလ ၄ ရက် သတင်းစာရှင်းလင်းပွဲမှာ မြေပြင်မှာ ဆေးကုသပေးနေတဲ့ သူနာပြုဆရာမ ဒေါ်ဝင်းဝင်းက ပြောဆိုခဲ့တာပါ။
“ရင်ဘတ်မှာပတ်တီးစည်းထားတဲ့ ကလေးမလေးဆို ကျောင်းမနေချင်တော့ဘူး။ ကျောင်းမသွားချင်တော့ဘူး ပြောတယ်။ အဲဒီမှာ သူ့အဖွားက ငါ့မြေးစာသင်မှရမယ်၊ စာတတ်မှ ဖြစ်မယ်။ အဲဒါဆိုကျောင်းကတော့ ပြန်သွားမှရမယ်။ စိတ်ထိခိုက်တဲ့ ဒဏ်ရာမျိုးတွေရှိတယ်ရှင့်။ နောက်ပြီး စေတနာ့ဝန်ထမ်း ဆရာမလေးကလည်း ကျမကိုပြောပြတယ်။ ဆရာမရေ ဒီလိုမျိုးအဖြစ်အပျက်ကြီး ကြုံသွားပြီးတဲ့နောက်ပိုင်းမှာ နောက်ထပ်တစ်ခေါက်စာသင်ဖို့ ကျမအားတော့အားတော့ယူရမယ်ဆိုပြီး သူ့ရဲ့စိုးရိမ်ထိတ်လန့်တဲ့ ကြောက်စိတ်ကို ကျမကို ပြောပြပါတယ်ရှင့်” လို့ သူနာပြုဆရာမ ဒေါ်ဝင်းဝင်းက ရှင်းပြပါတယ်။
ဒါပေမဲ့ တချို့ကလေးတွေကတော့ ဆရာမတွေကျောင်းသွားရင် သူတို့လည်းကျောင်းသွားမယ်ဆိုတဲ့ အခြေအနေရှိတယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်ရဲ့မေးမြန်းမှုကို ဆရာမဒေါ်ဝင်းဝင်းက ထပ်လောင်းဖြေကြားခဲ့ပါတယ်။
“စာသင်ရမှာကြောက်သွားတာ။ ကျောင်းလာရမှာ ကြောက်သွားတာ။ အခုလိုမျိုး ရက်ရက်စက်စက်တွေ၊ သွေးထွက်သံယိုတွေ ကလေးတွေ မြင်သင့်တွေ့သင့်တာမှမဟုတ်ဘဲ။ အဲဒါမျိုးတွေဖြစ်ရတာ အကြမ်းဖက်စစ်တပ်ကြောင့်ပဲဖြစ်တယ်” လို့လည်း NUG ရဲ့ ကျန်းမာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ မေးမြန်းမှုကို နောက်ဆက်တွဲအဖြစ် ဖြေကြားခဲ့ပါတယ်။
စစ်ကောင်စီရဲ့ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၂၀ က စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာ တိုက်ပွဲမဖြစ်ဘဲ ၁၀၅ မမ ဟောင်ဝပ်ဇာအမြှောက်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဂျိုးထောင်ရွာမရွာ စာသင်ကျောင်းက ကလေးတွေကို ထိခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလက်နက်ကြီးပစ်ခတ်ကြောင့် စာသင်နေတဲ့ အသက် ၆ နှစ်ကနေ ၁၄ နှစ်အောက် အရွယ် ကလေး အယောက် ၂၀ ဒဏ်ရာရခဲ့တဲ့အပြင် ဆရာမတစ်ယောက်ပါ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီဟာ အဲဒီနေ့က လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့တာဖြစ်ပြီး နောက်ထပ်ပစ်တဲ့တစ်လုံးကတော့ ကျောင်းဘေးက လယ်ကွင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သည့် ကလေးငယ်ပေါင်း ၄၉၁ ယောက်အထိရှိနေပြီး ဖျက်ဆီးခံရတဲ့ကျောင်းပေါင်း ၁၁၉ ကျောင်းအထိရှိနေတယ်လို့လည်း ဖော်ပြပါတယ်။
ဒါဟာ အထောက်အထားတွေရှိတဲ့ အချက်အလက်သာ ဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုနိုင်တယ်လို့လည်း NUG က ပြောဆိုထားပါတယ်။







