မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကို ကန့်ကွက်ခြင်းကြောင့် အောက်ဖရဲရွာဒေသခံများအား KIA မှ ဖမ်းဆီးထားဟုဆို

379

 

အောက်တိုဘာ၊၂၄

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) က ဦးစီးလုပ်ဆောင်နေတဲ့ မြေရှားသတ္တုလုပ်ငန်းကို ကန့်ကွက်တယ်ဆိုပြီး ကချင်ပြည်နယ်၊ ဖရဲဒေသ၊ အောက်ဖရဲရွာက ဒေသခံတွေအားလုံးကို မနေ့အောက်တိုဘာလ ၂၃ ရက်နေ့ညက KIA က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖရဲဒေသမှာ အထက်ရွာနဲ့ အောက်ရွာလို့ နှစ်ပိုင်းခွဲခြားထားရှိပြီး ဒီရက်ပိုင်းမှာပဲ KIA က သတ္တုလာစမ်းပြီး တူးဖို့လုပ်နေကြတဲ့အတွက် ရွာသားတွေက မလုပ်ဖို့တားမြစ်တာကို ဖမ်းဆီးတာဖြစ်တယ်လို့ ဖရဲဒေသက ဒေသခံတစ်ဦး မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

 

“အောက်ရွာမှာက အခုသူတို့ သတ္တုလာစမ်းတာ။ ရွာအနီးမှာ လာလုပ်တာ။ အဲဒါကို သွားတားရင်းနဲ့ ရွာသားအကုန်လုံး ၃၀၀ နီးပါးလောက်ရှိတယ်။ အကုန်လုံးကို မနေ့ည ကလာဖမ်းသွားတာ အခုရော အချုပ်မှာပဲရှိသေးတယ်။“လို့ ဒေသခံက ဆိုပါတယ်။

KIA နဲ့ ကုမ္ပဏီတွေဟာ ဒေသခံတွေကို မက်လုံးအမျိုးမျိုးနဲ့ ညှိနှိုင်းမှုတွေလုပ်ကြပေမဲ့ ဒေသခံတွေဟာ လုံးဝလက်မခံခဲ့ကြတာကို အခုအချိန်ထိ ဒေသခံတွေကို အမျိုးမျိုးခြိမ်းခြောက်ပြီး ဆက်လက်လုပ်ဆောင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“ရွာထဲက သက်ကြီးရွယ်အိုတွေက ဆန္ဒထုတ်ဖော်ပြီး မပြုလုပ်ဖို့တားမြစ်တာကို သူတို့ (KIA)က တစ်ရွာလုံး သက်ကြီးရွယ်အိုအားလုံးကို အချုပ်ထဲ ဖမ်းထည့်ထားကြတယ်။ အဲဒါကို KIO အစိုးရ အရာရှိ၊ KIA ဗိုလ်ချုပ်၊ ဗိုလ်မှူးတွေအနေနဲ့ သိမြင်အောင်၊ အားလုံးရဲ့နားကိုရောက်အောင်လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။”လို့ နောက်ထပ်ဒေသခံက တစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က KIO ဝင်လာတဲ့အချိန်က တိုင်းပြည်ကို ကာကွယ်ပေးဖို့၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မယ်ဆိုပြီး ဝင်လာခဲ့ကြပေမဲ့ အခုချိန်မှာတော့ ဒေသကို ပျက်စီးသွားစေမယ့် မြေရှားသတ္တုတွေကို ဒေသခံတွေရဲ့ လယ်ယာမြေတွေကိုပါမကျန် တူးလာကြတယ်လို့ ဒေသခံတွေက ပြောဆိုနေကြတာပါ။

အဲဒါကြောင့် ဒေသခံတွေဟာ၂၀၁၉ ခုနှစ်အတွင်းက မြေရှားသတ္တုလုပ်ငန်းရပ်တန့်သွားဖို့ ဆန္ဒထုတ်ဖော်တာတွေအထိ ပြုလုပ်ခဲ့ကြပေမဲ့ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာတွေနဲ့ သေနတ်နဲ့ ပစ်သတ်တာတွေအထိ ပြုလုပ်တာကို ခံခဲ့ကြရတယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

ဘိုးဘွားဘီဘင် လက်ထက်ကတည်းက လက်ဆင့်ကမ်း လုပ်ကိုင်လာခဲ့ကြတဲ့ လယ်ယာမြေတွေကို မဖျက်ဆီးပေးဖို့ တောင်းဆိုတာတွေကို လက်မခံဘဲ ဒေသခံတွေဟာ အုပ်ချုပ်သူတွေရဲ့ အနိုင်ထက်ပြုကျင်တာကို ခံနေရတဲ့အတွက် ဘယ်သူ့ကို အားကိုးပြီး ဆက်လက်နေထိုင်ရမလဲဆိုတာ မသိတော့ဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

“ကျနော်တို့ပြည်သူလူထုတွေက ဘယ်သူ့ကို ယုံကြည်အားကိုးရတော့မလဲဆိုတာ မသိတော့ဘူး။ အရမ်းခက်ခဲလာပြီ။”လို့လည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရဲဒေသဟာ အရင်က ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်တဲ့ ဒေသတစ်ခုဖြစ်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဧပြီလကစပြီး ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) တွေ ရောက်ရှိလာပြီး အုပ်ချုပ်ခဲ့တာ ဒီကနေ့အထိ ဖြစ်တယ်လို့ သိရပါတယ်။

KIO/KIA ဝင်လာတဲ့နေ့ကစပြီး ဒေသအတွင်း စစ်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသတစ်ခုလုံးက ပြည်သူတွေအားလုံး မိမိတို့ရဲ့နေအိမ်တွေကို စွန့်ခွာပြီး စစ်ရှောင်ပြည်သူတွေအဖြစ် တရုတ်ပြည်နယ်စပ်၊ တစ်နေရာမှာ စုစည်းနေထိုင်နေတာ ၁၁ နှစ်ကျော်ပြီဖြစ်ပါတယ်။

ဖရဲဒေသအတွင်း မြေရှားသတ္တုလုပ်ငန်း ဝင်ရောက်တာဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်လောက်က တရုတ်တွေ ပန်ဝါဒေသဘက်ကို မြေရှားသတ္တုလုပ်ငန်းသုံး မြေဩဇာသယ်ယူဖြတ်သန်းခဲ့တဲ့ အချိန်ကစတင်ခဲ့တာလို့ သိရပါတယ်။

ဒေသတွင်း စပါးရိတ်သိမ်းတဲ့ ကာလဖြစ်တာကြောင့် အခုလို KIA ရဲ့ ဖမ်းဆီးချုပ်နှောင်တာကို ခံထားရတာကြောင့် စပါးမရိတ်သိမ်းနိုင်မှာကိုလည်း စိုးရိမ်နေကြတယ်။

ဖရဲဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတစ်ခုဖြစ်ပြီး ဒေသအတွင်းထွက်ရှိတဲ့ စပါးကိုပဲ အဓိကထား စားသုံးကြရတာကြောင့် ဒီနှစ်သာ စပါးရိတ်သိမ်းကာလကျော်လွန်လို့ စပါးမရိတ်သိမ်းနိုင်ရင် လာမယ့်နှစ်မှာ စားစရာမရှိတော့မှာကိုလည်း စိုးရိမ်နေကြတာဖြစ်ပါတယ်။

မြေရှာသတ္တုတူးဖော်ရေးလုပ်ငန်းကို ကန့်ကွက်ကြတဲ့ ဒေသခံတွေကို အမြန်ဆုံးလွှတ်ပေးဖို့၊ မြေရှားသတ္တုတူးဖော်ခြင်းကြောင့် ဒေသက မြေတွေ ဒီထက်ပိုပြီး မပျက်စီးမီ အမြန်ဆုံး လာရောက်တားဆီးပေးကြဖို့လည်း ဒေသခံတွေက တောင်းဆိုကြပါတယ်။

ဖရဲဒေသခံတွေဖမ်းခံရတာနဲ့ ပတ်သက်ပြီး KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီး နော်ဘူကို မြစ်ကြီးနားသတင်းဂျာနယ်က မေးမြန်းတဲ့အချိန် သတင်းမကြားရသေးကြောင်းနဲ့ စုံစမ်းကြည့်မယ်လို့ ပြန်လည်ဖြေကြားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here