ဖားကန့်က တောမှော်စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်၊ တစ်ရက်တည်း စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခြင်းဖြစ်

244

 

ဩဂုတ်၊၁၅

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုက တောမှော်စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်က ဒီကနေ့ညနေပိုင်း ၅ နာရီဝန်းကျင်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။

နာရီခွဲမှာ အပြီးသိမ်းပိုက်နိုင်ခဲ့ပြီ လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားခဲ့တာပါ။

တောမှော်စစ်ကောင်စီတပ်စခန်းကို KIA တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးကလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

တောမှော်လည်း ရပြီ။ စစ်ကောင်စီတပ်တွေ ထွက်ပြေးသွားပြီ။ တပ်ရင်းမှူးထိုင်တယ်။ လူတော့မများဘူး။ ၃၀ နဲ၄၀ ကြားပဲထင်တယ်။လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက လမောင်စစ်ကောင်စီဗျူဟာကုန်းကို KIA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တောမှော်စစ်ကောင်စီတပ်စခန်းကို ဆက်လက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်ရက်တည်း စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့တာပါ။

မနေ့ကညနေပိုင်း ၄ နာရီခန့် နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဆိုင်းတောင်ရပ်ကွက် ၄ မှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့မနက်အစောပိုင်းကစပြီး လမောင်စစ်ကောင်စီဗျူဟာကုန်းနဲ့ တောမှော်စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here