ကချင်ထိုးစစ် တစ်နှစ်ပြည့်ပြီ

150

 

မတ်၊၇

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) ပူးပေါင်းတဲ့ဖွဲ့တွေကနေ စတင်ခဲ့တဲ့ ကချင်ပြည်နယ်အတွင်းက ထိုးစစ်တိုက်ပွဲကြီးဟာ ဒီကနေ့မှာတော့ ၁ နှစ်တိတိ ပြည့်ခဲ့ပါပြီ။

တစ်နှစ်အတွင်းမှာပဲ KIA ပူးပေါင်းတပ်ဖွဲ့ကနေ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ လွယ်ဂျယ်မြို့နဲ့ ကန်ပိုက်တီမြို့အပါ ဆွမ်ပရာဘွမ်မြို့၊ အင်ဂျန်းယန်မြို့၊ ဆဒုံး၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်၊ ဒေါ့ဖုန်းယန်၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဖီမော်-အစရှိတဲ့ နယ်မြေဒေသ၊ မြို့နဲ့ မြို့နယ်ခွဲပေါင်း ၁၀ မြို့ကျော်ကို သိမ်းပိုက်ထားနိုင်သလို စစ်ကောင်စီတပ်စခန်းကြီး/ငယ် အနည်းဆုံး ၃၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးအဖဲ့အစည်း (KIO/KIA) ရဲ့ နယ်မြေစိုးမိုးမှု အခြေအနေဟာ မြို့ပြလောက်ပဲ ကျန်တော့တဲ့ အခြေအနေဖြစ်တာကြောင့် ၅၀ ရာခိုင်နှုန်းကျော်လောက် ရှိနေပြီလို့ ပြောလို့ရတဲ့အပြင် ဗန်းမော်မြို့သာ သိမ်းပိုက်ပြီးစီးခဲ့မယ်ဆိုရင် နယ်မြေစိုးမိုးမှု ပိုမိုကြီးလာပြီလို့ ပြောလို့ရတဲ့အကြောင်း အမည်မဖော်လိုတဲ့ ကချင်နိုင်ငံရေးသုံးသပ်လေ့လာသူ တစ်ဦးက ပြောပါတယ်။

KIA ကတော့ ကချင်ပြည်နယ် လွတ်မြောက်ဖို့အတွက် ကြိုးစားနေတယ်။ အထူးသဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက်တော့ ကြိုးစားနေတဲ့ သဘောမျိုးတော့ တွေ့မြင်နေရပါတယ်။ ဘယ်လောက်ထိ ထိုးစစ်ဆင်နိုင်မလဲ၊ ဘယ်လောက်ထိ အုပ်ချုပ်နိုင်မလဲဆိုတဲ့ အပေါ်မှာတော့ မူတည်ပါလိမ့်မယ်။ တစ်ခုရှိတာကတော့ ဒီမှာက သေနတ်ကိုင်တဲ့သူတွေက ဘယ်ဘက်ကပဲဖြစ်ဖြစ် အလျှော့ပေးမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့်မို့လဲ KIA အနေနဲ့တော့ နယ်မြေခံဖြစ်တယ်ဆိုတော့ ပိုပြီးမှ ထိန်းချုပ်နိုင်မယ်လို့ပဲ မြင်ပါတယ်။လို့ အထက်ပါနိုင်ငံရေးသုံးသပ်သူက သူ့ရဲ့အမြင်ကို ပြောပါတယ်။

၂၀၂၄ ခုနှစ်ဟာ ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်လာမယ်လို့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်လဘန်လက နှစ်သစ်မိန့်ခွန်း ပြောကြားပြီးတဲ့နောက်ပိုင်း ကချင်နဲ့ရှမ်းမြောက်မှာ တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီး မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက် ထိုးစစ်ကြီးကို မတ်လ ၇ ရက်နေ့ မနက် ၆ နာရီလောက်မှာ KIA၊KPDF ပူးပေါင်းတပ်ဖွဲ့တွေက စတင်ခဲ့တာပါ။

ထိုးစစ်တစ်နှစ်ပြည့်တဲ့ ဒီကနေ့အချိန်အထိလည်း တိုက်ပွဲတွေရပ်တန့်သွားတာမျိုး မရှိသေးဘဲ ဆက်လက်ဆင်နွှဲနေတာကို တွေ့ရသလို စစ်ကောင်စီရဲ့ တပ်စခန်းကြီး/ငယ်တွေ တစ်ခုပြီးတစ်ခု သိမ်းယူနေဆဲလည်း ဖြစ်ပါတယ်။

ထိုးစစ်စတင်ပြီး နှစ်လအတွင်း KIO/KIA ဌာနချုပ်လိုင်ဇာ အနီးအနားက အရေးပါတဲ့ ခယာဘွမ်၊ ဖွမ်းပျန်ဘွမ်၊ အင်တက်ဘွမ်၊ မလိ စတဲ့ စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းကြီး အားလုံးကိုလည်း KIA ကနေ သိမ်းပိုက်ခဲ့ပါတယ်။

မတ်လ ၂၇ ရက်နေ့မှာတော့ မိုးမောက်-လွယ်ဂျယ်တစ်ကြောက စခန်းငယ်တွေကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မနက်ပိုင်းမှာတော့ လွယ်ဂျယ်-ဗန်းမော်လမ်းတစ်လျှောက် ထိန်းချုပ်ထားတဲ့ စိန်လုံတပ်စခန်းကြီး သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါ့အပြင် မိုးမောက်-လွယ်ဂျယ်တစ်ကြောက စိန်လုံအပြင် ယောယုံတပ်စခန်းကြီး၊ လော့မွန် (Lawmun) စခန်းအပါအဝင် လော့ဒန်(Lawdan)၊ ရှန်တိုင်(Shangtai)၊ ဖလန်း(Hpalang Bum) အစရှိတဲ့ စခန်းကြီးနဲ့ ရှေ့တန်းကာကင်းစခန်းတွေ စုစုပေါင်း ၁၃ ခုကိုပါ KIA ကနေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ကနေ ၇ နှစ်ကျော်ကြာ လက်လွှတ်ခဲ့ရပြီး စစ်ရေးအရ အရေးပါတဲ့ ဝိုင်းမော်မြို့နယ်အတွင်းက ဂိဒေါန်(Gi Don)တပ်စခန်းကြီးကိုလည်း မေလ ၄ ရက်နေ့ကနေ စတင်တိုက်ခဲ့ပြီး တိုက်ပွဲနှစ်ရက်အကြာမှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာတော့ ဝိုင်းမော်မြို့နယ်၊ ဆဒုံး-ချီဖွေ လမ်းခွဲ စုပေါင်းဂိတ်ဖြစ်တဲ့ ၁၃ ကီလို တပ်စခန်းအပြင် အဲဒီတပ်စခန်းကနေ အထက်ဘက် ဆဒုံးသွားလမ်းက ပြည်သူ့စစ်နဲ့ စစ်ကောင်စီတို့ ပူးပေါင်းစခန်းချထားတဲ့ ဘွမ်တောင်တပ်စခန်းတို့ကို KIA ကနေ ထပ်မံသိမ်းနိုင်ခဲ့ပါတယ်။

ဝိုင်းမော်မြို့ပေါ်နဲ့ အနီးဆုံးဖြစ်တဲ့ ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က စစ်ကောင်စီရဲ့ ခမရ ၃၂၁ အနီးဝန်းကျင်က တပ်စခန်းတွေကို မေလ ၁၈ ရက်နေ့က တစ်ပြိုင်နက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ထိုးစစ်ဆင်နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးအရ အရေးပါတဲ့ ဂါးရာယန်ကျေးရွာနဲ့ ၃၂၁ တပ်စခန်းကြားက လုံဇက်ကောင်တပ်စခန်းကြီးအပြင် ဒဘတ်ချောင်းကူး တံတားထိပ်က ကဇူးတပ်စခန်းကြီးတို့ကို သိမ်းပိုက်ပြီးနောက် မေလ ၂၁ ရက်နေ့ညမှာတော့ ကျန်ရှိနေတဲ့ ၃၂၁ တပ်စခန်းကြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဝိုင်းမော်မြို့အတွင်းက စစ်ကောင်စီရဲ့ ၅၈ တပ်ရင်းတစ်ခုကလွဲရင် ဝိုင်းမော်-လိုင်ဇာလမ်းပိုင်းနဲ့ ဝိုင်းမော်-ချီဖွေ လမ်းပိုင်းမှာတော့ စစ်ကောင်စီရဲ့ အထိုင်တပ်စခန်းကြီးတွေ အကုန်လုံးကို KIA က သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ကချင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ကချင်အထူးဒေသ (၁) ဒေသတစ်ခုလုံးကိုလည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ကစပြီး နိုဝင်ဘာလ ၂၁ ရက်နေ့အတွင်း တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့မှာတော့ ကချင်အထူးဒေသ(၁)ကို လုံးဝ ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ဒီဇင်ဘာလ ၄ ရက်နေ့ကနေစပြီး မြစ်ကြီးနားမြို့နဲ့ ၁၁၅ မိုင်အကွာမှာ တည်ရှိတဲ့ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့နဲ့ မံစီအနီးတစ်ဝိုက် စစ်ကောင်စီတပ်စခန်းတွေဘက် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားလာခဲ့ပါတယ်။

၂၀၂၅ နှစ်အရောက်မှာတော့ ဗန်းမော်မြို့ဘက်မှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ဒီကနေ့သုံးလကျော်ကြာတဲ့အထိ စစ်ရေးတင်းမာနေ ဆဲလည်းဖြစ်သလို စစ်ကောင်စီဘက်ကလည်း အပြင်းအထန် ခုခံနေတာပါ။

ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်စခန်းများတာအပြင် စစ်အင်အားများတဲ့အတွက် အချိန်ယူတိုက်ခိုက်နေရတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဖြေကြားထားပါတယ်။

ဗန်းမော်မြို့ကို တိုက်ခိုက်နေရင်း စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ၃၆၆ ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းမှာ အပြီးအစီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာတော့ ကန်တော်စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုလည်း အပြီးအစီးတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ဗန်းမော်မှာရှိတဲ့ စကခ ၂၁ တပ်စခန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့ ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့အပြင် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဒါ့အပြင် ဗန်းမော်အမြောက်တပ် ၇၀၀၆ တပ်စခန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သလို ဇန်နဝါရီလ ၂၆ ရက်နေ့မှာတော့ လေတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ သတင်းအရ ထပ်မံသိရှိရပါတယ်။

ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က‌ မြေပြင်အဆက်အသွယ် မရှိတော့တာကြောင့် လေယာဉ်နဲ့လာချပေးတဲ့ အစားအသောက်တွေ၊ လက်နက်၊ ကျည်ဆန်တွေကိုပဲ အဓိကထားပြီးတော့ ခုခံနေတဲ့ အနေအထားဖြစ်တယ်လို့လည်း သိရပါတယ်။

ဗန်းမော်မြို့တွင်းက စစ်ကောင်စီတပ်ရဲ့ ရဲစခန်း၊ စုပေါင်းရုံးလိုမျိုး စတဲ့ ရုံးပိုင်းဆိုင်ရာ အုပ်ချုပ်ရေးယန္တရားတွေ ရပ်နားသွားတဲ့ အခြေအနေရှိပြီး မြို့တစ်ခုလုံး အလုံးစုံ သိမ်းပိုက်နိုင်တဲ့ အနေအထား မရှိသေးပေမဲ့ မြို့ရဲ့ နေရာအများစုကို KIA ပူးပေါင်းတပ်တွေကနေ ထိန်းချုပ်ထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်နဲ့ ဒေသခံအချို့ရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဟာ တစ်နှစ်ထက်တစ်နှစ် တိုက်ပွဲတွေ ပိုမိုဆင်နွှဲလာသလို စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အားလုံးနဲ့လက်တွဲဆောင်ရွက်မှာဖြစ်တယ်လို့ ပြောကြားထားပြီး လက်ရှိမှာလည်း ကချင်ပြည်နယ်အတွင်းသာမက စစ်ကိုင်းတိုင်းဘက်မှာလည်း တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ ဦးဆောင်တိုက်ပွဲဝင်တာကိုလည်း တွေ့ရပါတယ်။

လက်ရှိအခြေအနေဟာ ရှိသမျှခွန်အားနဲ့ ကြိုးစားအားထုတ်ရမယ့် အချိန်ဖြစ်တာကြောင့် ခွန်အားပြည့်စုံတဲ့ အသက်အရွယ်ရှိသူတွေအားလုံး တော်လှန်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ကြဖို့ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက (၆၄)နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO)နေ့မှာ မိန့်ခွန်းကနေ တိုက်တွန်းပြောကြားထားပါတယ်။

ကချင်အမျိုးသားတော်လှန်ရေး ခရီးစဉ် နှစ်ပေါင်း(၆၀)ကျော်လာပြီဖြစ်ပေမဲ့ ကျွန်တော်တို့ ရည်မှန်းထားတဲ့ နိုင်ငံရေးပန်းတိုင်ကို မရောက်သေးပါဘူး။ လက်ရှိ အခြေအနေဟာ ကျွန်တော်တို့ဆီမှာရှိသမျှ အားအင်နဲ့ ကြိုးစားအားထုတ် ယူရမယ့်အချိန် ဖြစ်ပါတယ်။ အဲဒါကြောင့် ခွန်အားပြည့်စုံပြီး အသက်အရွယ်ရှိတဲ့ လူတွေအားလုံး ဒီအရေးကြီးတဲ့ တော်လှန်ရေးလုပ်ငန်းစဉ်မှာ ပါဝင်လာကြပါစို့လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းထားတာပါ။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး KIA ကနေ ထိုးစစ်ဆင်တိုက်ပွဲတွေ ပိုဖွင့်လာတဲ့အပြင် အရင်က လက်လွှတ်လိုက်ရတဲ့ တပ်ရင်း၊ ဗျူဟာကုန်းတွေ အမြောက်အများကိုလည်း ပြန်လည်သိမ်းယူနိုင်ခဲ့တာကြောင့် ၂၀၂၄ ခုနှစ်ဟာ အားရတဲ့နှစ်တစ်နှစ် ဖြစ်ခဲ့ပြီး ယုံကြည်ချက်အတိုင်း ဆက်လက်ပါဝင်သွားမယ်လို့ KIA ရှေ့တန်းရဲဘော်တစ်ဦးက ပြောပါတယ်။

“Lives for Kachin & next generation ဆိုတဲ့ ဆောင်ပုဒ်လက်နက်ကို ကိုင်ဆွဲပြီး တစ်ထောင့်တစ်နေရာကနေ ပါဝင်နေပါတယ်။ ကျွန်တော်ယုံကြည်တယ်။ တော်လှန်ရေးပန်းတိုင် နီးပြီ။ ကျွန်တော်တို့က အဖွဲ့အစည်းနဲ့ သွားတာဖြစ်တဲ့အတွက် KIA ကနေ ဦးဆောင်မယ့် အစီအစဉ်တွေ၊ စည်းမျဉ်းစည်ကမ်းတွေ၊ အမိန့်တွေကို လိုက်နာနိုင်တဲ့ Smart Soldier တပ်သားတစ်ဦးအနေနဲ့ ပါဝင်သွားမယ်”လို့ အထက်ပါရဲဘော်က သူ့ရဲ့ခံယူချက်ကို ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အာဏာသိမ်းကာလ ၄ ကျော်အတွင်း စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးမှာ တိုက်ပွဲတွေ တိုက်ခိုက်နေရသလို နယ်မြေအများစုနဲ့ တိုင်းစစ်ဌာနချုပ် ၂ ခုကို လက်လွှတ်ထားရပါတယ်။

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မြစ်ဆုံလမ်း တန်ဖရဲကျေးရွာဘက်မှာ စစ်ကောင်စီက အင်အားတွေချထားတာ၊ ဖားကန့်ဒေသမှာ စစ်ကြောင်းထိုးပြီး KIA ဂိတ်တွေကို တိုက်ခိုက်တာ၊ ဒရုန်းနဲ့ လေယာဉ်တွေအသုံးပြုပြီး တိုက်ခိုက်တာ၊ ဗန်းမော်တိုက်ပွဲတွေ ဆက်ရှိနေတာကိုကြည့်ရင် ၂၀၂၅ ခုနှစ်အတွင်းမှာလည်း တိုက်ပွဲတွေ ရပ်တန့်မသွားဘဲ ဆက်လက်ရှိနေဦးမှာ ဖြစ်တယ်လို့ ယူဆရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here