မြစ်ကြီးနား-ဖားကန်လမ်းပေါ်က မအူပင်ရေကာတာရွာမှာ စစ်ကောင်စီနဲ့ KIA တို့တိုက်ပွဲဖြစ်ပွားနောက် စစ်ကောင်စီက ကျေးရွာကို မီးရှို့

245

 

ဖေဖော်ဝါရီ၊၇

မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က မအူပင်ရေကာတာကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့မနက် ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ကနေ နေအိမ်တွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ရှမ်းနီတပ်(SNA)ပူးပေါင်းတပ်တို့က ကထန်ယန်ကျေးရွာဘက်ကနေ ကားသုံးစီးနဲ့ ဒီကနေ့မနက် ၁၀နာရီလောက်မှာ မအူပင်ရေကာတာကျေးရွာဘက် ဝင်ရောက်လာပြီး KIA ဂိတ်စခန်းကို စတင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

“KIAတွေက မအူပင်မှာ ဂိတ်ထိုင်တာကြာပြီလေ။ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်တွေ ထွက်လာပြီး လာတိုက်တာ KIAတွေ ရှိတဲ့ဂိတ်ကို လာပစ်တာ။ တချို့က ရွာကို မီးရှို့နေတယ်တဲ့”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

KIA တပ်သားတွေ ဂိတ်စခန်းကနေ တပ်ဆုတ်ထွက်ခွာအပြီးမှာ စစ်ကောင်စီတပ်ဘက်က အိမ်ခြေ ၂၀ ကျော်လောက်ရှိတဲ့ မအူပင်ရေကာတာကျေးရွာက အိမ်ခြေ ၁၂ အိမ်လောက်ကို မီးရှို့ဖျက်ဆီးလိုက်တာ ဖြစ်တယ်လို့လည်း ကာမိုင်းဒေသခံပြည်သူတစ်ဦးက အခုလိုပြောပါတယ်။

“ကားအကြီးသုံးစီးနဲ့ ကထန်ယန်-လွယ်ဆိုင်ဘက်က တက်လာကြတာ။ မအူပင်မှာက KIA စစ်သားတွေ ရှိတာ။ ၁၀ နာရီကျော်မှာ အကုန် ရှို့ပေးလိုက်ကြပြီ”လို့ အထက်ပါပြည်သူက ဆိုပါတယ်။

ကာမိုင်းဗျူဟာကုန်းကနေလည်း ဒီကနေ့မနက် အစောပိုင်း မနက် ၅ နာရီလောက်ကနေ မအူပင်ရေကာတာကျေးရွာဘက်ကို နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားတဲ့အချိန်အထိ ဆက်တိုက်ဆိုသလို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မအူပင်ကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC) ဓမ္မဆရာတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ကာမိုင်းဘက် ဖမ်းဆီးခေါ်‌ဆောင်သွားတယ်လို့ကြား သိရပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မအူပင်ကျေးရွာဘက်အပြင် လုံးခင်းကျေးရွာအုပ်စု နမ့်စန်းကျေးရွာ တစ်နေရာမှာလည်း ဖားကန့်ဘက်က ဆင်းလာတဲ့ စစ်ကောင်စီတပ်ကို ဒီကနေ့မနက် ၁၁ နာရီကျော်လောက်မှာ KIA က လမ်းခုလတ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ ကာမိုင်းနဲ့ နန့်ယားမှာရှိတဲ့ မအူပင်ရေကာတာကျေးရွာက KIA ဂိတ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ဆယ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here