ဒီဇင်ဘာ၊၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် အင်ခါးဂါးကျေးရွာမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ပစ်ခတ်မယ်လို့ ခြိမ်းခြောက်လိုက်တာကြောင့် ဒီဇင်ဘာလ ၁၆ရက်နေ့မှာ စခန်းတစ်ခုလုံး ဆုတ်ခွာသွားကြပြီလို့ သိရပါတယ်။
၁၀ နှစ်လောက် တပ်စွဲနေထိုင်ခဲ့တဲ့ အထက်ပါ စစ်ကောင်စီတပ်စခန်းကို KIA တပ်ရင်း(၇)ကနေ တပ်မဆုတ်ရင် လာရောက်ပစ်ခတ်မယ်လို့ ခြိမ်းခြောက်မှုတွေ ရှိပြီးတဲ့နောက် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာပဲ စက်လှေ ၄ စီးနဲ့ အရပ်ဝတ်တွေဝတ်ပြီး ပူတာအိုမြို့တပ်စခန်းဘက် ဆုတ်ခွာသွားကြတာ ဖြစ်တယ်လို့ ပူတာအိုဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“KIAကနေ မဖယ်ပေးရင် ပစ်မယ်ပြောလို့ ဆုတ်သွားကြတာ။ အကုန် အရပ်ဝတ်နဲ့ ပြည်သူလိုမျိုး ပြန်သွားကြတာ။ ခုက မြို့ဘက်ကို လုံခြုံရေးပိုယူမယ့် သဘောရှိတယ်”လို့ ဒေသခံက ဆိုပါတယ်။
အထက်ပါ ကိစ္စနဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာမှာတော့ စစ်ကောင်စီတပ်စခန်း ဆုတ်ခွာသွားတာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုပါတယ်။
အိမ်ခြေ ၃၀ ကျော်လောက်ရှိတဲ့ အင်ခါးဂါးကျေးရွာဟာ KIAနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ၂၀၁၃ ခုနှစ်ကနေ စပြီးတော့ ပြောင်းရွှေ့ခဲ့ရတဲ့ နေရာလည်းဖြစ်ပါတယ်။







