ပူတာအိုမြို့အတွင်းက အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စမတ်ကတ်(Smart Card) ပြုလုပ်ဖို့ စစ်ကောင်စီညွှန်ကြား

307

 

ဖေဖော်ဝါရီ၊ ၂၉

ပူတာအိုမြို့အတွင်း နေထိုင်ကြတဲ့ အသက် ၁၈ နှစ်ပြည်သူအားလုံးကို စစ်ကောင်စီက စမတ်ကတ်(Smart Card) လုပ်ဖို့ တိုက်တွန်းထားတာကြောင့် ပူတာအိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကနေ ရပ်ကွက်၊ ကျေးရွာတိုင်းမှာ လိုက်လံဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

အဲဒါကြောင့် ပြည်သူတွေအနေနဲ့ မိမိနေထိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးရုံးမှာ သတ်မှတ်ရက်အတွင်း သွားရောက်ပြုလုပ်ကြဖို့ဖေဖော်ဝါရီလ ပထမပတ်လောက်ကစပြီး တိုက်တွန်း ပြောဆိုထားကြောင်း ပူတာအိုဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

အခုလောလောဆယ် စမတ်ကတ်ကို များသောအားဖြင့် လုပ်ခိုင်းနေကြတယ်။ မှတ်ပုံတင်လိုပဲ အားလုံးစမတ်ကတ် လုပ်ထားရမယ်တဲ့။ အချက်အလက် အားလုံးလိုချင်လို့ အသွားအလာ စစ်ဆေးချင်လို့လား ဘာလားတော့မသိဘူး။ “လို့ ဒေသခံက ဆိုပါတယ်။

ရပ်ကွက်တစ်ခုကို ၄ ရက်နဲ့အပြီး လိုက်လံဆောင်ရွက်ပေးနေကြောင်းနဲ့ အစိုးရဝန်ထမ်းပိုင်းကို အဓိက လုပ်ခိုင်းပြီးမှ ပြည်သူတွေကို လုပ်ဆောင်ခိုင်းတာဖြစ်တယ်လို့လည်း နောက်ထပ်ပူတာအို ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

လူငယ်တွေကတော့ မလုပ်ဘူးထင်တယ်။ အသက်ကြီးတဲ့သူတွေပဲ လုပ်ကြတယ်လို့ ကြားလိုက်တယ်။ လုပ်ချင်တဲ့သူက လုပ်။ မရမကလုပ်ခိုင်းတာမျိုးတာ့ မဟုတ်ဘူးထင်တယ်။ ဝန်ထမ်းတွေကို အရင်ဦးစားပေးလုပ်ခိုင်းပြီး သူတို့ပြီးမှ ပြည်သူတွေကို လုပ်ခိုင်းတာဖြစ်မယ်ထင်တယ်။”လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ပူတာအိုမြို့မှာသာမက အခြားပြည်နယ်နဲ့ တိုင်းတွေဟာလည်း စမတ်ကတ်ပြုလုပ်ဖို့အတွက် တွန်းအားပေးတာတွေ ရှိနေပေမဲ့ မပြုလုပ်သူတွေ များတယ်လို့လည်း သိရပါတယ်။

နောက်ပိုင်းမှာ နိုင်ငံသားတွေအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)အစား စမတ်ကတ်ကို ပြည်တွင်းမှာသာမက နိုင်ငံခြားအထိ ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမယ်လို့လည်း ဆိုထားတာပါ။

စမတ်ကတ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကတော့ နာမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ၊ လူမျိုး၊ ဆံပင်အရောင်၊ မျက်လုံးအရောင်၊ အရပ်အမောင်း စတဲ့ ဇီဝဆိုင်ရာအချက်အလက်တွေကို စာရင်းပေးသွင်းရမှာဖြစ်ပြီး ကွန်ပျူတာနဲ့ အလွယ်တကူစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်းကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကောက်ယူသွားမှာဖြစ်ပြီး လုပ်ငန်းအချိန်ဇယားအရ ရှေ့ပြေးအစီရင်ခံစာကို ဒီဇင်ဘာလမှာ ထုတ်ပြန်ဖို့ လျာထားဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း စစ်ကောင်စီပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ်က ကောက်ခံခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်းလူဦးရေဟာ ၅၁ ဒဿမ ၄ သန်းရှိပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here