ဖားကန့်တွင် KIO တိုက်နယ်ရုံးကို စစ်ကောင်စီက အလစ်ဝင်တိုက်ပြီး ရုံးကို မီးရှို့ဖျက်ဆီး

281

ဇွန်၊၂၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့က ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO) ရဲ့ တိုက်နယ်ရုံးကို စစ်ကောင်စီကနေ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ မနက် ၁၀နာရီခန့်မှာ ရုံးကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်

စစ်ကောင်စီကနေ ဖားကန့်မြို့၊ ဆိုင်းတောင်ရပ်ကွက်(၃)မှာ ဖွင့်လှစ်ထားတဲ့ KIO တိုက်နယ်ရုံးကို ဒီကနေ့မနက် သုံးနာရီခွဲကနေ လေးနာရီခွဲအထိ သေနတ်တွေပစ်ခတ်ပြီး ဝင်စီးခဲ့တာ ဖြစ်တယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“အပြန်အလှန်ပစ်တာမျိုးတော့မရှိဘူး။ သူတို့ ခရိုင်ရုံးက သူတွေပဲရှိတော့ အိမ်စောင့်တဲ့သူတွေရှိမယ်။ ပြီးတော့ ဖမ်းထားတဲ့သူတွေကို စောင့်တဲ့သူရှိမယ်။ လေးငါးယောက်ပေါ့။ အဲဒီလောက်ပဲ တခြားဘယ်သူမှ မရှိဘူး။ သေနတ်ကိုင်တဲ့သူမရှိဘူး။”လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဝင်ရောက်စီးနင်းတဲ့အချိန် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့သိရပြီး ဘယ်နှစ်ယောက်ထိခိုက်လဲ ဆိုတာတော့ အတိအကျမသိရသေးဘူးလို့လည်း ပြောပါတယ်။

KIO တိုက်နယ်ရုံးက လူတွေအပါဝင် အနီးအနားက မသင်္ကာတဲ့သူ ၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မနေ့ညကလည်း ဆိုင်းတောင်မှော်ရှန်ရပ်ကွက်၊ ရွှေနဂါးကုန်စုံဆိုင်အနီးလမ်းဆုံမှာ စစ်ကောင်စီအင်အား ၃၀ ကျော်ခန့်က အရပ်ဝတ်တွေနဲ့ ကားတစ်စီးကို တားတဲ့အချိန် မရပ်ပေးဘဲ ထွက်ပြေးခဲ့တာကြောင့် သေနတ်နဲ့လိုက်ပစ်ခဲ့လို့ ကားသမား သေဆုံးခဲ့ပါတယ်။

ထွက်ပြေးမောင်းသွားတဲ့ကားပိုင်ရှင်က ရှန်းကုန်းစျေးအပေါ်ကုန်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားပြီး နောက်ထပ် ကားတစ်စင်းပေါ်က လူတွေကိုလည်း ဖမ်းသွားခဲ့တယ်လို့ ဖားကန့်ဒေသခံ နောက်တစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က KIO/KIA အဖွဲ့ဝင်တွေအပြင် သူတို့နဲ့ ပတ်သက်ဆက်နွယ်တဲ့သူတွေကို လိုက်လံ စုံစမ်းဖမ်းဆီးမှုတွေ ရှိနေတာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here